နှမ်း

အသေးစိတ်ဖော်ပြချက်

နှမ်းကို အင်္ဂလိပ်ဘာသာဖြင့် Sesame ဟု ခေါ်ဆိုပြီး ရုက္ခဗေဒ အမည်မှာ Sesamum indicum ဖြစ်သည်။ HS Code မှာ 1207.40.10 နှင့် 1207.40.90 ဖြစ်သည်။

ပြည်ပသို့ တင်ပို့ရန်၊ ပြည်တွင်း၌ စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်ရန်၊ မုန့်ပဲသားရေစာများ ပြုလုပ်ရန်အတွက် စိုက်ပျိုး လျှက်ရှိသော နှမ်းသီးနှံမှာ စိုက်ဧရိယာအားဖြင့် မြန်မာနိုင်ငံတွင် စပါးသီးနှံပြီးလျှင် ဒုတိယ အများဆုံး သီးနှံဖြစ် သည်။

မြန်မာနိုင်ငံတွင် နှမ်းကို အများဆုံး စိုက်ပျိုးသည့် တိုင်းဒေသကြီးများမှာ မကွေး၊ စစ်ကိုင်း၊ မန္တလေးတို့ ဖြစ်ကြ သည်။ စုစုပေါင်း စိုက်ဧရိယာ ဧက ၃.၈၀ သန်းခန့်ရှိပြီး အထွက်တင်းပေါင်း ၂၇ သန်းကျော် (တန်ချိန် ၆.၆၉ သိန်းခန့်) ထွက်ရှိသည်။ ရာသီအလိုက် စိုက်ပျိုးမှုအခြေအနေမှာ မိုးစိုက်ဧက ၇၀%၊ ဆောင်းစိုက်ဧက ၂၄% နှင့် နွေစိုက်ဧက ၆% အသီးသီးရှိသည်။

မြန်မာ့နှမ်း ပြည်ပတင်ပို့မှုမှာ ၂၀၂၀/၂၁ ခုနှစ်တွင် တန်ချိန် ၂.၅၅ သိန်း/ တန်ဘိုး အမေရိကန်ဒေါ်လာ ၃၃၉ သန်း ဘိုးအထိ တင်ပို့နိုင်ခဲ့သည်။ ပြည်ပတင်ပို့မှုများတွင် တရုတ်နိုင်ငံမှာ အများဆုံး တင်ပို့ရာနိုင်ငံ ဖြစ်သည်။ ထိုင်း၊ စင်္ကာပူ၊ ဂျပန်၊ တိုင်ပေ၊ ကိုရီးယား စသည့် နိုင်ငံများသို့လည်း တင်ပို့လျှက်ရှိသည်။ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းညို စသည်တို့ကို ကုန်ကြမ်းအတိုင်း တင်ပို့သကဲ့သို့ အခွံချွတ်နှမ်း၊ နှမ်းလှော်မှုန့် စသည်တို့ ထုတ်လုပ် တင်ပို့မှုလည်း ရှိသည်။

ကမ္ဘာပေါ်တွင် နှမ်း အများဆုံး တင်ပို့သည့် ထိပ်တန်း ၅ နိုင်ငံမှာ အိန္ဒိယ၊ ဆူဒန်၊ မြန်မာ၊ အီသီယိုပီးယားနှင့် နိုင်ဂျီး ရီးယားတို့ ဖြစ်ကြပြီး နှမ်းတင်သွင်းမှုအများဆုံး နိုင်ငံများမှာ တရုတ်၊ တူကီယဲ၊ ဂျပန်၊ ကိုရီးယား၊ အစ္စရေးလ်စသည့် နိုင်ငံများ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးလျှက်ရှိသော နှမ်းမျိုးပေါင်းများစွာရှိသည့်အနက် ထင်ရှားသည့် မျိုးများမှာ – ဆင်းရတနာ-၃၊ ဆင်းရတနာ-၄၊ ဆင်းရတနာ-၁၂၊ ဆင်းရတနာ-၁၄၊ စမုန်နက်၊ ကံရှိ၊ ရိုးစိမ်း၊ နှမ်းနီ ၂၅/၁၆၀၊ ဂွကြောနက် စသည် တို့ ဖြစ်ကြသည်။

မြန်မာ့နှမ်းနီ/နှမ်းညို/နှမ်းနက်နှင့် နှမ်းအရောင်စုံတို့၏ FAQ (Fair Average Quality) တို့၏ ယေဘုယျစံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

အကြောင်းအရာ                    FAQ (နီ/ညို/နက်)             FAQ (ရောင်စုံ)

(က) အခြားအရောင်ကွဲအစေ့   ၁.၀၀% (အများဆုံး)

(ခ) ဆီပါဝင်မှု                        ၄၈.၀၀% (အနည်းဆုံး)       ၄၈.၀၀% (အနည်းဆုံး)
(ဂ) ဖုန်ခဲသလဲ                        ၂.၀၀% (အများဆုံး)           ၂.၀၀% (အများဆုံး)

(ဃ) အစိုဓါတ်                        ၈.၀၀% (အများဆုံး)          ၈.၀၀% (အများဆုံး)

(င) FFA (Free Fatty Acid)     ၂.၀၀% (အများဆုံး)           ၂.၀၀% (အများဆုံး)

(စ) ထိခိုက်ပျက်စီးအစေ့          ၂.၀၀% (အများဆုံး)           ၂.၀၀% (အများဆုံး)

 

နှမ်းဖြူ Grade I, Grade II ၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

အကြောင်းအရာ                          Grade I                          Grade II

(က) အခြားအရောင်ကွဲအစေ့   ၅.၀၀% (အများဆုံး)           ၁၀.၀၀% (အများဆုံး)

(ခ) ဆီပါဝင်မှု                        ၄၈.၀၀% (အနည်းဆုံး)       ၄၈.၀၀% (အနည်းဆုံး)
(ဂ) ဖုန်ခဲသလဲ                        ၂.၀၀% (အများဆုံး)           ၂.၀၀% (အများဆုံး)

(ဃ) အစိုဓါတ်                        ၈.၀၀% (အများဆုံး)          ၈.၀၀% (အများဆုံး)

(င) FFA (Free Fatty Acid)     ၂.၀၀% (အများဆုံး)           ၂.၀၀% (အများဆုံး)

(စ) ထိခိုက်ပျက်စီးအစေ့          ၂.၀၀% (အများဆုံး)           ၂.၀၀% (အများဆုံး)

“မြန်မာ့နှမ်းစံချိန်စံညွှန်း (MMS 3: 2019)” ကို အမျိုးသားစံချိန်စံညွှန်းကောင်စီက (၂၉-၁၁-၁၉) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၄၉/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။

ပိုမိုသိရှိလိုပါသလား?