ဖော်ပြချက်

စွန်တာနီကို “Velvet Beans” ဟုလူသိများပြီး ပြည်တွင်း၌မှု ပဲကတ္တီပါဟူ၍ သိကြပါသည်။ မြန်မာနိုင်ငံတွင် စွန်တာနီကို ပြုတ်၍ စားသုံးလေ့ရှိပြီး အစာကြေလွယ်သော အစားအစာတစ်မျိုးဖြစ်ပါသည်။ ၎င်းကိုခြေ၍ ပဲအနှစ်ကို မုန့်ပြုလုပ်ရာတွင် ယို၊ ဂျယ်လီအဖြစ် အသုံးပြုကြပါသေးသည်။

အသေးစိတ်ဖော်ပြချက်များ

မြန်မာနိုင်ငံတွင် စွန်တာနီကို သြဂုတ်၊ စက်တင်ဘာနှင့်အောက်တိုဘာလများတွင် စိုက်ပျိုးပြီး မတ်၊ ဧပြီနှင့် မေလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း တို့တွင် အဓိကထားစိုက်ပျိုးကြောင်း သိရှိရပါသည်။

ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတို့မှာ ၂ဝဝ၆-ဝ၇ တွင် တန်ချိန် ၂၂၆၉၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၄၂၈၉၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၆၁၆၅၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၁၈၇၈ နှင့် ၂ဝ၁ဝ-၁၁ ဒီဇင်ဘာလထိ တန်ချိန် ၆၅၈ တင်ပို့ခဲ့ကြောင်း သိရပါသည်။

စွန်တာနီ နှင့်မျိုးတူဖြစ်ပြီး အသုံးချပုံခြင်းမှာလည်း အတူတူပင်ဖြစ်သည်။ အရောင်သာလျှင် ကွာခြားခြင်းဖြစ်သည်။ စွန်တာပြာကို များသော အားဖြင့် အထက်မြန်မာနိုင်ငံတွင် စိုက်ပျိုးလေ့ရှိပြီး စွန်တာနီကိုမှု မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် အောက်မြန်မာနိုင်ငံ မြစ်ဝ ကျွန်းပေါ် ဒေသတို့တွင် စိုက်ပျိုးလေ့ရှိပါသည်။

မြန်မာနိုင်ငံတွင် စွန်တာပြာကို သြဂုတ်၊ စက်တင်ဘာနှင့်အောက်တိုဘာလများတွင် စိုက်ပျိုးပြီး မတ်၊ ဧပြီနှင့် မေလများတွင် ရိတ်သိမ်းလေ့ရှိကြပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် အဓိကထား စိုက်ပျိုး ကြောင်း သိရှိရပါသည်။

ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတို့မှာ ၂ဝဝ၆-ဝ၇ တွင် တန်ချိန် ၄၁၃၊ ၂ဝဝ၇-ဝ၈ တွင် တန်ချိန် ၂၆၄၊ ၂ဝဝ၈-ဝ၉ တွင် တန်ချိန် ၁၁၉၉၊ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၁ဝ၇၇ နှင့် ၂ဝ၁ဝ-၁၁ ဒီဇင်ဘာလထိ တန်ချိန် ၃၂၉ တင်ပို့ခဲ့ကြောင်း သိရပါသည်။

စွန်တာနီ/စွန်တာပြာ၏အမည်များကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် – စွန်တာနီ/စွန်တာပြာ
(ခ) ဒေသအခေါ်အဝေါ် – စွန်တာနီ/စွန်တာပြာ၊ တွံတာနီ/ပြာ၊ ပဲကတ္တပါ၊ ပဲရွှေနီ
(ဂ) အိန္ဒိယအမည် – ရာ့ချ်မတ်ရှ် (RAI MASH)
(ဃ) အင်္ဂလိပ်အမည် – LIMA BEAN (RED AND BLUE)
(င) ရုက္ခဗေဒအမည် – PHASEOLUS LUNATUS LINN

စွန်တာနီ/စွန်တာပြာပဲများသည် မျိုးရိုးဗီဇအားဖြင့် ပဲတစ်မျိုးတည်းမှ ဖြစ်သော်လည်း ပဲ၏အရောင်အနည်း ငယ်ကွဲပြားမှုကြောင့် အနီရင့်ရောင်ရှိသောပဲများကို စွန်တာနီဟုခေါ်၍ နီညိုရောင် တွင် ပြာလဲ့ရောင်သမ်းလျက်ရှိသောပဲကို စွန်တာပြာဟုခေါ်သည်။ စွန်တာနီ၊ စွန်တာပြာဟု ခွဲခြား ခေါ်ဝေါ်သော်လည်း စိုက်ပျိုးထုတ်လုပ်ပုံ၊ ရိတ်သိမ်းနယ်လှည့်ပုံနှင့် ပဲ၏ပုံသဏ္ဍာန် အရွယ်အစား တို့မှာ အတူတူပင်ဖြစ်သည်။ ပုံသဏ္ဍာန်မှာ ထောပတ်ပဲ၊ ပဲကျားတို့ကဲ့သို့ ပဲပြားမျိုးဖြစ်ပြီး ဘေးမျက်နှာပြင်မှာမူ အနည်းငယ်ဖောင်းပွ၍ ဘဲဥပုံသဏ္ဍာန်နီးပါး ဝိုင်းဝန်းပါသည်။ ပျှမ်းမျှအရွယ်အစားမှာ အလျား ၁၂ မီလီမီတာခန့်ရှိ၍ အနံ ၉ မီလီမီတာခန့်ရှိပါသည်။ အစေ့၏ဗီဇအညှောင့်ထွက်သောနေရာတွင် အဖြူပေါက်ကလေးများရှိပြီး အနည်းငယ်ချိုင့်ဝင်နေပါသည်။ အရောင်သည် တစ်ပြေးညီ မဟုတ်ဘဲ သေချာစွာကြည့်ပါက အမည်းအစင်းပြောက်ကလေးများကို တွေ့ရပါသည်။

စွန်တာနီ/စွန်တာပြာပဲသီးမှာ ဘိုစားပဲ၊ ပဲပုဇွန်များကဲ့သို့ပင် ခပ်ပြားပြားရှိပါသည်။ အလျား ၂ လက်မခန့်ရှိ၍ အနံမှာ လက်မဝက်ခန့်ရှိပါသည်။ ပဲသီးတစ်တောင့်လျှင် ပဲစေ့ ၃ စေ့မှ ၄ စေ့ အထိပါဝင် ပါသည်။ ပဲသီးနုချိန်တွင် စိမ်းဖျော့ဖျော့အရောင်ရှိပြီး ရင့်မှည့်လာသည့်အခါတွင် ဝါဖန့်ဖန့်အရောင်သို့ ပြောင်းလဲသွားသည်။

စွန်တာနီ/စွန်တာပြာတွင် ပါဝင်သော အဟာရဓါတ် ရာခိုင်နှုန်းတို့မှာ ဗဟိုသုတေသနလုပ်ငန်း အဖွဲ့၏ ဓါတ်ခွဲစမ်းသပ်ချက်အရ အောက်ပါအတိုင်းဖြစ်ကြောင်း သိရပါသည်။

(၁) အစိုဓါတ် (Moisture %) 17.59 %
(၂) အဆီဓါတ် (Fat %) 1.25 %
(၃)အမျှင်ဓါတ် (Fibre %) 6.99 %
(၄)ပရိုတင်းဓါတ် (Protein %) 16.58 %
(၅)ပြာဓါတ် (Ash %) 3.50 %
(၆) ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %) 53.69 %
100.00 %

စွန်တာနီ/စွန်တာပြာမှာ ထောပတ်ပဲကဲ့သို့ အချို့၏ အယူအဆအရ မက္ကဆီကိုဘက်မှ စတင် သည်ဟု ဆိုပါသည်။ နောက်ပိုင်းတွင် အာရှတိုက်သို့ ယင်းပဲမျိုးများရောက်လာကြောင်း သိရပါသည်။

ပဲယဉ်းသည် မူရင်းစိုက်ပျိုးသည့်ဒေသများမှ သီရိလင်္ကာ၊ တတရုတ်နိုင်ငံများသို့ ပျံ့နှံ့ခဲ့ ပါသည်။ ၁၉၈၂ ခုနှစ်တွင် အမေရိကန်ပြည် ကာလီဖိုးနီးယား၊ တက္ကဆပ်ပြည်နယ်များသို့ မျိုးရောက်ရှိ ခဲ့ကြောင်း သိရှိရပါသည်။

စွန်တာနီ/စွန်တာပြာပဲများကို မြေနုကျွန်းပေါ် ကျွန်းမြေ၊ ကိုင်းမြေများတွင် အများအပြား စိုက်ပျိုးပါသည်။ နုန်းတင်မြေနု၊ မြေပွမျိုးများကိုကြိုက်နှစ်သက်ပါသည်။ လယ်မြေတွင် စိုက်ပျိုးမှု အထူး နည်းပါးပါသည်။

စွန်တာနီ/စွန်တာပြာပဲများကို သြဂုတ်လမှ နိုဝင်ဘာလများတွင် စိုက်ပျိုးကြပါသည်။ အထူးသဖြင့် မြစ်ကမ်းပါးရှိ ကိုင်းကျွန်းများ၌ မြစ်ရေဆင်းချိန်တွင် စိုက်ပျိုးကြသဖြင့် မြစ်ရေ ကျဆင်းချိန် စောမှု၊ နောက်ကျမှု အပေါ်တွင် မူတည်၍ စိုက်ပျိုးမှုစောခြင်း၊ နောက်ကျခြင်းများ ဖြစ်ပါသည်။

စွန်တာနီ/စွန်တာပြာပဲများ ၄-၅ လက်မခန့်ခွာ၍ တံစဉ်ဖြင့်ရိတ်သိမ်းပြီး ပဲထွေးလုံးများ ပြုလုပ်ကာ လှေ၊ လှည်းများဖြင့် တလင်းသို့သယ်ဆောင်၍ နွားဖြင့်နယ်ခြင်း၊ တုတ်ဖြင့်ရိုက်ေြ>ွခခြင်းပြုလုပ် ရပါသည်။ အစေ့ခြွေပြီး ပဲများကို လေလှေ့၊ ယပ်ခပ်၊ ပြာတီး သန့်စင်ရပါသည်။

စွန်တာနီ/စွန်တာပြာပဲများကို ပြုတ်၍ ပဲကတ္တီပါပြုတ်၊ ပဲနီပြုတ်အဖြစ် စားသုံးလေ့ရှိပါသည်။ ဟင်းလျာအဖြစ် ထမင်းနှင့်တွဲ၍လည်း စားသုံးပါသည်။ အိမ်သုံးအဖြစ် အနည်းငယ်သာ ချန်လှပ်ထားရှိ သုံးစွဲပါသည်။

ပိုမိုသိရှိလိုပါသလား?