အသေးစိတ်ဖော်ပြချက်

မြေပဲကို အင်္ဂလိပ်ဘာသာဖြင့် Groundnut, Peanut စသည်ဖြင့် ခေါ်ဆိုကြပြီး ရုက္ခဗေဒ အမည်မှာ Arachis hypogaea ဖြစ်သည်။ HS Code မှာ 1202.30.00, 1202.41.00 နှင့် 1202.42.00 တို့ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဆီထွက်သီးနှံများတွင် ပြည်ပသို့ တင်ပို့ရန်၊ ပြည်တွင်း၌ စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်ရန်၊ မုန့်ပဲ သားရေစာများ ပြုလုပ်ရန်အတွက် စိုက်ပျိုးလျှက်ရှိသော မြေပဲသီးနှံမှာ နှမ်းသီးနှံလောက် စိုက်ဧရိယာ မများပြား သော်လည်း စားသုံးဆီ ကြိတ်ခွဲရရှိနိုင်မှုတွင် နှမ်းထက် ပိုမိုအရေးပါသော သီးနှံဖြစ်သည်။

မြန်မာနိုင်ငံတွင် မြေပဲကို အများဆုံး စိုက်ပျိုးရာ တိုင်းဒေသကြီးများမှာ စစ်ကိုင်း၊ မကွေး၊ မန္တလေးတို့ ဖြစ်ကြ သည်။ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့၌လည်း ကျယ်ပြန့်စွာ စိုက်ပျိုးကြသည်။ စုစုပေါင်း စိုက်ဧရိယာ ဧက ၂.၈၂ သန်းခန့်ရှိပြီး အထွက်တင်းပေါင်း ၁၄၃ သန်းမျှ (တန်ချိန် ၁.၆၂ သန်းခန့်) ထွက်ရှိသည်။ ရာသီအလိုက် စိုက်ပျိုးမှုအခြေအနေမှာ မိုးရာသီတွင် ၅၇%၊ ဆောင်းရာသီတွင် ၄၃% စိုက်ပျိုးသည်။

မြန်မာ့မြေပဲ ၂၀၂၀/၂၁ ခုနှစ် ပြည်ပတင်ပို့မှုမှာ တန်ချိန် ၁.၅၁ သိန်း/ တန်ဘိုး အမေရိကန်ဒေါ်လာ ၁၈၃ သိန်း ဘိုးအထိ ရှိသည်။ တင်ပို့သည့် နိုင်ငံများအနက် တရုတ်နိုင်ငံမှာ အများဆုံး တင်ပို့ရာနိုင်ငံ ဖြစ်သည်။ ထိုင်း၊ ဗီယက် နမ်၊ စင်္ကာပူ စသည့် နိုင်ငံများသို့လည်း တင်ပို့လျှက်ရှိသည်။ မြေပဲဆံများသာမက မြေပဲအတောင့်များကိုပါ တင်ပို့ သည်။

ကမ္ဘာပေါ်၌ မြေပဲ အများဆုံး တင်ပို့သည့် ထိပ်တန်း ၅ နိုင်ငံတွင် အာဂျင်တီးနား၊ အိန္ဒိယ၊ အမေရိကန်၊ ဆူဒန် နှင့် ဘရာဇီးလ် နိုင်ငံများ ပါဝင်ကြပြီး၊ တရုတ်၊ နယ်သာလန်၊ အင်ဒိုနီးရှား၊ ရုရှား၊ ဂျာမဏီ နိုင်ငံများမှာ မြေပဲတင်သွင်းမှု အများဆုံး နိုင်ငံများ ဖြစ်ကြသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးလျှက်ရှိသော မြေပဲမျိုးအနေဖြင့် “ပင်ထောင်”နှင့် “ပင်ပြန့်” ဟူ၍ အဓိကနှစ်မျိုးရှိပြီး အဆံ အရောင် အနီနှင့် အဖြူရောင် ရှိသည်။ ထွက်ရှိသည့် ကာလအလိုက် “မိုးမြေပဲ”၊ “ဆောင်းမြေပဲ”နှင့် “စကမြေပဲ”ဟု ခွဲခြား နိုင်သည်။ ထင်ရှားသည့် မျိုးကွဲများမှာ – ဆင်းပ‌ဒေသာ-၇၊ ဆင်းပဒေသာ-၁၁၊ ဆင်း ပဒေသာ-၁၂၊ တွန်တာနီ စသည်တို့ ဖြစ်ကြသည်။ ရောင်းဝယ်ရာ၌ ဆီကြိတ်ရန်အတွက် “ဆီဆံ”နှင့် အခြားစားသုံးမှုများအတွက် “လုံးဆံ” ဟု ခွဲခြား ရောင်းဝယ်ကြသည်။

“မြေပဲစံချိန်စံညွှန်း (ASEAN STAN 36:2014)” ကို အမျိုးသားစံချိန်စံညွှန်းကောင်စီက (၂၉-၁၁-၁၉) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၄၉/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။

ပိုမိုသိရှိလိုပါသလား?