Ground Nut

Description

မြေပဲကို ကမ္ဘာ့အပူလျော့ပိုင်းနှင့် သမပိုင်းဒေသတို့တွင် အများအပြားစိုက်ပျိုးကြသည်။ ကမ္ဘာပေါ်တွင်မြေပဲအများအပြား စိုက်ပျိုးသောဒေသများမှာ အိန္ဒိယ၊ တရုတ်၊အနောက်အာဖရိက၊ ကွန်ဂို၊ နိုက်ဂျီးရီးယား၊ အမေရိကန်အရှေ့တောင်ပိုင်း စသည့်ဒေသများဖြစ်သည်။ မြန်မာနိုင်ငံတွင် မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း၊ ကရင်၊ မွန် စသည်ဖြင့် ပြည်နယ်/တိုင်းများ၌ စိုက်ပျိုးပြီး၊ ချင်းပြည်နယ်နှင့် တနင်္သာရီတို့မှာ စိုက်ပျိုးမှု အထူးနည်းပါးလေသည်။ မြန်မာနိုင်ငံတွင် ရှေးကမြေပဲကို စိုက်ပျိုးလေ့မရှိခဲ့ကြောင်း၊ ခရစ်နှစ် ၁၈၈၅ ခုနှစ်တွင် မကွေးနယ်၌ မြေပဲကို စ၍စိုက်သည်ဟု မှတ်တမ်း အချိူ့က ဆိုပါသည်။ သို့ရာတွင် ရှမ်းပြည်နယ်၌ထိုထက်စော၍ စိုက်ခဲ့ပြီဟုလည်းဆိုကြပါသည်။

နှစ်အလိုက် မြေပဲစိုက်ပျိုးထုတ်လုပ်မှုကို လေ့လာရာတွင်- ၁၉၉ဝ ပြည့်လွန်နှစ်ပိုင်းမှ ဒုတိယကမ္ဘာစစ်မဖြစ်မှီအထိ စိုက်ပျိုးထုတ်လုပ်မှုသည် သင့်သလောက် တိုးတက်မှုရှိသည်ကိုတွေ့ရသည်။ ဒုတိယကမ္ဘာစစ် ဝန်းကျင်ကာလများတွင် ထုတ်လုပ်မှု တန့်သွားပြီး လွတ်လပ်ရေးရပြီးနောက် အရှိန်ပြန်လည်မြှင့်တက်ခဲ့သည်။ ၁၉၆ဝ-၆၁ ခုနှစ်တွင် စိုက်ဧက ၁.၁၈ သန်း အထိရှိလာခဲ့သည်။

၁၉၆၁-၆၂ မှ ၁၉၇၅-၇၆ ခုနှစ်ကာလထိ (၁၅) နှစ်အတွင်း စိုက်ပျိုးထုတ်လုပ်မှုအရှိန် ထပ်မံမြှင့် တင်လာခဲ့ပြီးနောက် ယင်းနောက်ပိုင်းကာလ အရှိန်တန့်သွားခဲ့သည်မှာ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံများ၏ စိုက်ပျိုးထုတ်လုပ်မှုကို ပြန်လည်အရှိန်မြှင့် ဆောင်ရွက်နေချိန်ဖြစ်ကြောင်း နှင့်ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်းတွေ့ရှိရပါသည်။

Specifications

မြေပဲအမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က)သီးနှံအမည် – မြေပဲ
(ခ) အင်္ဂလိပ်အမည် – GROUND NUT, PEANUT, MONKEY-NUT, EARTH-NUT
(ဂ) ရုက္ခဗေဒအမည် – ARACHIS HYPOGEA L.
(ဃ) မျိုးရင်း – LEGUMINOCEAE

မြေပဲပင်သည် ပဲမျိုးသီးနှံတစ်မျိုးဖြစ်သည်။ အပင်မှာ ပင်နိမ့်တစ်နှစ်ခံပင်သာဖြစ်သည်။ ပင်စည် သည် ထောင်မတ်လျက် ပင်စည်ပတ်လည်မှ အကိုင်းအခက်တို့သည် ဖြာထွက်သည်။ အရွက်မှာ ဌက်မွှေး ပုံရွက်ပေါင်းဖြစ်၍ ရွက်မွှာနှစ်စုံပါသည်။ မြေပဲပင်များ၏ အပင်ကြီးထွားမှု အကိုင်းအခက်များ ထွက်ပေါ် ပုံပေါ်မူတည်၍ ပင်ထောင်မျိုးနှင့် ပင်ပြန့်မျိုးဟူ၍ခွဲခြားကြသည်။ ပင်ထောင်မျိုးတွင် ပင်စည်နှင့် ဘေးကိုင်းများသည် အထက်သို့ထောင်မတ်လျက် ကြီးထွားကြပြီး၊ ပင်ပြန့်မျိုးတွင် ပင်စည်သာ ထောင်မတ်၍ ဘေးကိုင်းများမှာ မြေမျက်နှာပြင်တစ်လျှောက် တွားသွား၍ ကြီးထွားကြသည်။ ပင်ထောင်၏ အရွက်ရောင်သည် အစိမ်းဖျော့အရောင်ဖြစ်ပြီး၊ ပင်ပြန့်ရွက်သည် အစိမ်းရင့်ရောင်ဖြစ်သည်။

မြေပဲသီး သို့မဟုတ် မြေပဲတောင့်သည် မြေပဲပင်၏ စွယ်ခေါ် ဖိုမရိုးတန် မြေကြီးထဲသို့ တိုးဝင် ပြီးနောက် အစေ့အိမ်သည် မြေပဲတောင့် (အသီး) အဖြစ်သို့ ကြီးထွားလာသည်။ မြေပဲတောင့် တစ်တောင့် အတွင်း အစေ့ (၁) စေ့မှ (၆) စေ့အထိ ပါနိုင်သည်။ အများအားဖြင့် (၁) စေ့မှ (၃) စေ့ပါသည်။ ပင်ထောင်မြေပဲတွင် အသီးသည် အပင်ခြေ၌ စုပုံ၍သီးပြီး၊ ပင်ပြန့်တွင်ကိုင်းများ တလျှောက် မြေနှင့် ထိသောနေရာများတွင်သီးသည်။ ပင်ထောင်တွင် အတောင့်သည်ပါး၍ ပျော့ပြီး၊ ပင်ပြန့်တွင် ထူ၍ မာသည်။ ပင်ထောင်က အစေ့အဆံပိုပြည့်ဝသည်။

မြေပဲဆံ၊ မြေပဲစေ့တွင် ပါဝင်သော အာဟာရဓါတ်များ ဓါတ်ခွဲစမ်းသပ်ရာ၌ အောက်ပါအတိုင်း တွေ့ရှိရကြောင်း၊ ကုန်သွယ်လယ်ယာရိတ်သိမ်းချိန်လွန်နည်းပညာစာစောင် (အတွဲ-၂ ၊ အမှတ် ၆) မှသိရှိရပါသည်။

(၁) ပရိုတင်းဓါတ် 25.4 % – 33.8 %
(၂) အဆီဓါတ် 44.5% – 56.3 %
(၃) ကာဘိုဟိုက်ဒရိုတ်ဓါတ် 6.0 % – 24.9 %
(၄) ဆူးခရိုစ့်သကြား 2.9 % – 6.4 %
(၅) ကော်ဓါတ် 0.9 % – 5.3 %
(၆) ပင်တိုဆင် 2.2 % – 2.7 %
(၇) အမျှင်ဓါတ် 1.0 % – 1.9 %
(၈) ပြာဓါတ် 1.8 % – 2.9 %
(၉) ကယ်လိုရီ ၁၀၀ ဂရမ် တွင် ၅၆၄ K Cal

မြေပဲဆံတွင် ဗီတာမင် အေ၊ ဘီ(၁)၊ ဘီ(၂)၊ ဘီ(၆)၊ ဘီ(၁၂)၊ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေ စသည်တို့လည်း အမျိုးအစားအလိုက် ပါဝင်ကြောင်းသိရှိရပါသည်။
မြေပဲဆံတွင် အာဟာရဓါတ်များ အလွန်ပြည့်ဝသဖြင့် ကျန်းမာရေးကို အထောက်အကူပြု စေသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အာဟာရတိုးတက်စေရန် မြေပဲဆံကို နည်းမျိုးစုံဖြင့် ပြုပြင်အသုံးပြု ကြပါသည်။

(က) မိုးမြေပဲ (ပင်ထောင်)

မိုးမြေပဲ (ပင်ထောင်) ကို မိုးတွင်းကာလ ဇွန်/ ဇူလိုင်တွင် စိုက်ပျိုးပြီး၊ ဆောင်း မြေပဲ (ပင်ထောင်) ကိုစက်တင်ဘာနှင့် အောက်တိုဘာတို့တွင် စိုက်ပျိုးကြသည်။ မိုးမြေပဲ အတွက် မေလနှင့် သြဂုတ်လအတွင်း လစဉ်ပျမ်းမျှမိုး ၄ လက်မထက် မနည်းမျှတစွာလိုအပ် ပြီး ယင်းကာလအတွင်း မိုးရေချိန် ၂ဝ လက်မမှ ၅ဝ လက်မအတွင်း မျှတစွာလိုအပ်သည်။ အပင်သက် ၂ဝ၊ ၄ဝ၊ ၇ဝ နှင့် ၈ဝ ရက်သားများတွင် အစိုဓါတ် အထူးလိုအပ်ပါသည်။

(ခ) မိုးမြေပဲ (ပင်ပြန့်)

မိုးရေချိန် ၂၄ လက်မမှ ၅ဝ လက်မ အကြား မေလနှင့် အောက်တိုဘာလအတွင်း လစဉ် ၄ လက်မထက်မနည်း မျှတစွာလိုအပ်ပါသည်။ ပင်သက် ၃ဝ၊ ၆ဝ၊ ၉ဝ၊ ၁၂ဝ ရက်သား များတွင် အစိုဓါတ်အထူးလိုအပ်ပါသည်။ အပင်ဖြစ်ထွန်းစဉ် ပျှမ်းမျှအပူချိန် ဖာရင်ဟိုက် ၇၂ ဒီဂရီလိုအပ်သည်။

မြေပဲပင်၏မူရင်းဒေသအဖြစ် တောင်အမေရိကတိုက်ရှိ ဘရာဇီးလ်နိုင်ငံဖြစ်သည်ဟု အများက လက်ခံယူဆထားကြောင်းသိရပါသည်။ ထိုမှတဆင့် အာဂျင်တီးနားနိုင်ငံ၊ မြောက်အမေရိကတိုက်နှင့် တရုတ်ပြည်တို့သို့ပြန့်နှံခဲ့သည်။

မြေပဲကို အဓိကအားဖြင့် စားသုံးဆီ ကြိတ်ခွဲထုတ်လုပ်စားသုံးခဲ့ကြသည်။ အဆင့်မြင့် လူကြိုက်များ သည့်ဆီဖြစ်သည်။ မြေပဲလှော်၊ မြေပဲယိုနှင့် အခြား မုန့်ပဲသွားရည်စာများအဖြစ်ပါ စားသုံးမှုပြုကြ သည်။ မြေပဲကို ဟင်းရွက်ဆီအဖြစ် အဓိကအသုံးပြုရန် စိုက်ပျိုးကြသော်လည်း ကမ္ဘာ့ကုန်သွယ်ရေးတွင် အစား အစာသီးနှံ (Food Crop) အဖြစ် မြေပဲ၏အရေးပါမှုသည် တိုးတက်လာလျှက် ရှိသည်။ မြေပဲဆံတွင် အစာခြေချက် နိုင်သော ပရိုတင်းဓါတ်ပါဝင်မှု များပြားသဖြင့်လည်းကောင်း၊ မြေပဲဆံ၏ပြုပြင်ပြီး အရသာ မှာထူးကဲမှုရှိ၍လည်းကောင်း လူကြိုက်များလျက် လူတို့၏ စားသုံးသီးနှံ အဖြစ် ရောင်းဝယ်အသုံးပြုမှု များ တိုးတက်လာလျက်ရှိလေသည်။

Would like to know more?