ဖော်ပြချက်

စားတော်ပဲကို အင်္ဂလိပ်ဘာသာဖြင့် Garden Pea ဟု ခေါ်ဆိုကြပြီး ရုက္ခဗေဒအမည်မှာ Pisum sativum ဖြစ်သည်။ HS Code မှာ 0708.10.00.10 ဖြစ်သည်။

မြန်မာ့ပဲအမျိုးအစားများတွင် ထီးသုံးနန်းသုံးသဘော ‘တော်’ ထည့်သွင်းခေါ်ဝေါ်ရသောပဲမှာ စားတော်ပဲ ဖြစ်သည်။ ပြည်တွင်းတွင် နှစ်ခြိုက်စွာ စားသုံးကြသဖြင့် ပြည်တွင်း ထုတ်လုပ်မှုနှင့် မလုံလောက်သည့် နှစ်များတွင် ပြည်ပမှ ဝယ်ယူဖြည့်တင်းရသော ပဲအမျိုးအစား တစ်မျိုးလည်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်း‌ဒေသကြီး၌ စားတော်ပဲ စိုက်ပျိုးထွက်ရှိမှု အများဆုံးဖြစ်ပြီး၊ ရှမ်းနှင့် မကွေး တိုင်း ဒေသကြီး/ပြည်နယ်များတွင်လည်း အများအပြား စိုက်ပျိုးထွက်ရှိသည်။ ဆောင်းသီးနှံအဖြစ်သာ စိုက်ပျိုးလေ့ရှိရာ စိုက်ဧရိယာအားဖြင့် ဧက စုစုပေါင်း ၁ သိန်းကျော် စိုက်ပျိုးပြီး အထွက်တင်း ၁.၇ သန်းခန့် (တန်ချိန် ထောင်ပေါင်း ၅.၅ ခန့်) ထွက်ရှိသည်။

နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန (ITC) ၏ ၂၀၂၂ ခုနှစ် စာရင်းများအရ စားတော်ပဲကို တရုတ်၊ ပါကစ္စတန်နှင့် အိန္ဒိယ စသည့် နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၁၀ သန်းဖိုး/ တန်ချိန်ထောင်ပေါင်း ၁၁.၆ ခန့် တင်ပို့မှုရှိသည်ဟု သိရသည်။ တင်သွင်းမှုအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ကနေဒါနှင့် ယူကရိန်း စသည့်နိုင်ငံများမှ တင်သွင်းမှုများ ရှိခဲ့ သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် စားတော်ပဲမျိုးများကို – ရွှေဘိုစားတော်၊ ကျွန်းစားတော်၊ မထုစားတော်၊ စားတော်ပဲ (ထီးလင်း) စသည်ဖြင့် ထွက်ရှိရာ ဒေသအလိုက် ခေါ်ဝေါ် ရောင်းဝယ်ကြသည်။ အလုံးသေးနှင့် အလုံးကြီး နှစ်မျိုးရှိပြီး အလုံး သေးမှာ အရသာပိုမိုကောင်းမွန်လေ့ရှိသည်။

သတ်မှတ်ချက်များ

မြန်မာ့စားတော်ပဲ FAQ (Fair Average Quality) အတွက် ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၃.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၅.၀၀%(အများဆုံး)
(ဃ) အခြားပဲစေ့ ၀.၅၀%(အများဆုံး)
(င) အကျိုးအကြေ ၃.၀၀%(အများဆုံး)
(စ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)

ပိုမိုသိရှိလိုပါသလား?