Garden Pea

Description

စားတော်ပဲ၏ အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် – စားတော်ပဲ
(ခ) ဒေသအခေါ်အဝေါ် – စားတော်ပဲ
(ဂ) အင်္ဂလိပ်အမည် – FIELD PEA, PEA, GARDEN PEA
(ဃ) ရုက္ခဗေဒအမည် – PISUM SATIVUM LINN

Specifications

စားတော်ပဲသည် လုံးဝန်းသော ပုံသဏ္ဍာန်ရှိ၍ အလေးချိန်အားဖြင့် စားတော်ပဲအစေ့ (၁ဝဝ) တွင် (၁၅) ဂရမ်မှ (၂၅) ဂရမ်အထိရှိသည်။ စားတော်ပဲ၏ အရွယ်အစားမှာ အလျား (ဝ.၆၈) စင်တီမီတာနှင့် (ဝ.၆၆) စင်တီမီတာခန့် ရှိသည်။ ပဲစေ့၏အရောင်အဆင်းမှာ အညိုရောင်၊ မီးခိုးရောင်နှင့် အနက် ရောင်တို့ အသီးသီးရှိကြပါသည်။ နုစဉ်တွင်အစိမ်းရောင်ရှိပါသည်။

စားတော်ပဲတွင် အာဟာရဓါတ်ပါဝင်ပုံကို ပျဉ်းမနားရေဆင်းစိုက်ပျိုးရေးသုတေသနဌာန၏ သုတေသနပြုချက်အရ အောက်ပါအတိုင်း ပါဝင်ကြောင်းသိရပါသည်။

(က) အစိုဓါတ် ၁ဝ.၉ %
(ခ) အသားဓါတ် ၁၉.၄ %
(ဂ)အဆီဓါတ် ၁.ဝဝ %
(ဃ) ကစီဓါတ် ၅၈.၈ဝ %
(င) အမျှင်ဓါတ် ၄.၄ %
(စ) ပြာဓါတ် ၃.၃ %

စားတော်ပဲသီးမှာ သီးတောင့်အမျိုးအစားဖြစ်ပြီး အစေ့ (၂) စေ့မှ (၄) စေ့ခန့်ထိပါဝင် သောပဲသီးတောင့်ဖြစ်သည်။ အချို့ပဲသီးတောင့်များမှာ ဖြောင့်၍ သီးတောင့်ဖြောင့်ပုံသဏ္ဍာန်ရှိပြီး အချို့ သီးတောင့်ကွေး ပုံသဏ္ဍာန်ရှိပါသည်။ အရွယ်အစားမှာ အလျား (၄) စင်တီမီတာမှ (၁၅) စင်တီမီတာထိ ရှိတတ်သည်။ အနံ (၁.၅) စင်တီမီတာမှ (၂.၅) စင်တီမီတာခန့်ထိရှိပါသည်။ အရောင် အဆင်း မှာ ပဲသီးတောင့်နုစဉ်တွင် အစိမ်းရောင်ရှိပြီး ရင့်မှည့်သောအခါ ကောက်ရိုးရောင်ရှိပါသည်။

စားတော်ပဲကို စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းတို့တွင် စိုက်ပျိုး ထုတ်လုပ်ကြပါသည်။

အပူချိန် ၅၅ ဖာရင်ဟိုက်မှ ၆၄ ဖာရင်ဟိုက်အတွင်း အေး၍ စွတ်စိုသော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး ကုလားပဲထက် အအေးဓါတ်ကိုပိုမိုကြိုက်သည်။

စားတော်ပဲကိုမိုးကုန်စော၍ဆောင်းအအေးဓါတ်လည်း စောစွာဝင်ရောက်လာပါက အောက်တိုဘာလတွင် စတင်စိုက်ပျိုးသည်။ မိုးကုန်၍ဆောင်းအအေးဓါတ် ဝင်လာမှုနောက်ကျပါက နိုဝင်ဘာလ ကုန်ထိ ရာသီစောင့်၍ စိုက်ပျိုးကြသည်။ စားတော်ပဲစိုက်ပျိုးသော ပြည်နယ်နှင့်တိုင်းများတွင် အများအားဖြင့် မိုးနှောင်းရာသီတွင် အများအပြားစိုက်ပျိုးကြသည်။ စားတော်ပဲစိုက်ပျိုးသည့်ကာလကို ပုံမှန်အားဖြင့် အောက်တိုဘာလ၊ နိုဝင်ဘာလဟု သတ်မှတ်နိုင်သော်လည်း မိုးကုန်မှု၊ မိုးကျန်မှုနှင့် ဆောင်းအအေးဓါတ် ဝင်မှုစောခြင်း၊ နောက်ကျခြင်းတို့ကို အခြေခံ၍အတန်အသင့် ပုံမှန် ထက်စောခြင်း၊ နောက်ကျ၍ စိုက်ခြင်းများရှိသည်။

စားတော်ပဲမှာ ဆောင်းသီးနှံဖြစ်၍ ပုံမှန်အားဖြင့် ဖေဖေါ်ဝါရီလနှင့်မတ်လများတွင် ရိတ်သိမ်း ကြပါသည်။

စားတော်ပဲအစေ့နှင့် သီးတောင့်အစိမ်းကို ကြော်ချက်စားသုံးခြင်း၊ ပဲရွက်ကိုလည်း ကြော်ချက်သုပ် စားခြင်းပြုကြပြီး၊ ရင့်မှည့်သည့်စားတော်ပဲအခြောက်ကိုလည်း အညှောင့်ဖောက်၍ ပဲပြုတ်အဖြစ် စားသုံးခြင်း၊ ပဲကြော်အဖြစ်စားသုံးခြင်းများရှိပါသည်။ ပြည်တွင်းစားသုံးမှုတွင် စားတော်ပဲပြုတ်သည် ဓလေ့အရ လူကြိုက်များသော ပဲအမျိုးအစားဖြစ်ပါသည်။

Would like to know more?