အစေ့ထုတ်ပြောင်း

အသေးစိတ်ဖော်ပြချက်

အစေ့ထုတ်ပြောင်းကို အင်္ဂလိပ်ဘာသာဖြင့် Maize, Yellow Maize, Corn စသည်ဖြင့် ခေါ်ဆိုကြသည်။ ရုက္ခဗေဒ အမည်အားဖြင့် Zea mays  ဖြစ်သည်။ HS Code မှာ 1005.90 ဖြစ်သည်။

 

ဖူးစားပြောင်း၊ ဖက်ပြောင်း၊ နှံစားပြောင်း (Sorghum) တို့ကဲ့သို့ အဖူးကို စားသုံးရန်၊ ဖက်ရယူရန်၊ အနှံမှ အစေ့အဆံ ထုတ်ယူ ရရှိရန် မဟုတ်ဘဲ အဖူးကို ရင့်မှည့်ခြောက်သွေ့စေပြီးမှ အစေ့ကို ထုတ်ယူရသည့် အစေ့ထုတ်ပြောင်းသီးနှံ မှာ တိရစ္ဆာန် အစာအဖြစ် အဓိကစိုက်ပျိုးသော သီးနှံဖြစ်သော်လည်း အချို့ကို လူတို့စားသုံးသည့်အစားအစာအဖြစ် ပြုပြင်စားသုံးကြသည်များလည်း ရှိသည်။ အရိုးအရွက်များကိုလည်း ကျွဲနွားစာအဖြစ် အသုံးပြုနိုင်သည့်အပြင် အစေ့မှ ကစီဓါတ်၊ အချိုရည်၊ စားသုံးဆီ၊ ဇီဝလောင်စာဆီ (Ethanol) စသည်တို့ ထုတ်လုပ်ရန်အတွက်လည်း အသုံးပြုနိုင်သည်။

 

မြန်မာနိုင်ငံတွင် အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်၌ အများဆုံး စိုက်ပျိုးပြီး စစ်ကိုင်း၊ ကချင်၊ ဧရာဝတီ၊ ကရင် စသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင်လည်း စိုက်ပျိုးကြသည်။ စုစုပေါင်း စိုက်ဧရိယာ ဧက ၁.၃၈ သန်းမှ အထွက်တင်းပေါင်း ၈၄ သန်းကျော် (တန်ချိန် ၂.၀၆ သန်းခန့်) ထွက်ရှိသည်။ ရာသီအလိုက် စိုက်ပျိုးမှုမှာ မိုးစိုက် ဧက ၈၇% နှင့် ဆောင်းစိုက်ဧက ၁၃% ရှိသည်။

 

မြန်မာ့အစေ့ထုတ်ပြောင်း ပြည်ပတင်ပို့မှုမှာ နှစ်စဉ်တိုးတက်လျှက်ရှိရာ ၂၀၂၀/၂၁ ခုနှစ်တွင် တန်ချိန် ၂.၆၁ သန်း အထိ တင်ပို့နိုင်ခဲ့သည်။ ပြည်ပတင်ပို့မှုများအနက် ယခင်က တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့ခဲ့သော်လည်း နောက် ပိုင်းတွင် ထိုင်းနိုင်ငံသို့တင်ပို့မှုမှာ အများဆုံးဖြစ်လာသည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ် စသည့် နိုင်ငံများ သို့လည်း တင်ပို့လျှက်ရှိသည်။ အစေ့ထုတ်ပြောင်း အစေ့သာမက ပြောင်းမှုန့်၊ ပြောင်းချဉ်ဖတ် (Corn Silage) စသည် တို့ကိုလည်း ထုတ်လုပ် တင်ပို့လျှက်ရှိသည်။

 

ကမ္ဘာပေါ်တွင် အစေ့ထုတ်ပြောင်း တင်ပို့မှု အများဆုံးနိုင်ငံများမှာ အမေရိကန်၊ အာဂျင်တီးနား၊ ယူကရိန်း၊ ဘရာဇီးလ်၊ ပြင်သစ် နိုင်ငံများ ဖြစ်ကြပြီး တရုတ်၊ မက္ကဆီကို၊ ဂျပန်၊ အီရန်၊ ကိုရီးယား စသည့်နိုင်ငံများမှာ တင်သွင်းမှု အများဆုံးနိုင်ငံများ ဖြစ်ကြသည်။

 

မြန်မာနိုင်ငံတွင် စိုက်ပျိုးလျှက်ရှိသော အစေ့ထုတ်ပြောင်းမျိုးများအနက် ထင်ရှားသည့် မျိုးများမှာ – ရေဆင်း စပ်မျိုး-၁၀၊ ရေဆင်းစပ်မျိုး-၁၁၊ စီပီ-၈၈၈၊ စီပီ-၂၂၂၊ ဧကရီ၊ စူဝမ် စသည်တို့ ဖြစ်ကြသည်။

မြန်မာ့အစေ့ထုတ်ပြောင်း FAQ (Fair Average Quality) ၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

 

အကြောင်းအရာ                           FAQ

(က) ဖုန်ခဲသလဲ                      ၁.၀၀% (အများဆုံး)

(ခ) ပိုးထိုးစေ့                         ၅.၀၀% (အများဆုံး)

(ဂ) ထိခိုက်ပျက်စီးအစေ့          ၆.၀၀% (အများဆုံး)
(ဃ) အခြားအရောင်ကွဲအစေ့   ၆.၀၀% (အများဆုံး)

(င) အကျိုးအကြေ                  ၂.၀၀% (အများဆုံး)

(စ) အစိုဓါတ်                         ၁၄.၀၀% (အများဆုံး)

(ဆ) အာဖလာမှိုဆိပ်               ၅၀ ပီပီဘီ (အများဆုံး)

“အစေ့ထုတ်ပြောင်း စံချိန်စံညွှန်း (MMS CODEX STAN 153:1985)” ကို အမျိုးသားစံချိန်စံညွှန်းကောင်စီက (၂၉-၁၁-၁၉) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၁၄၉/၂၀၁၉) ဖြင့် ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။

ပိုမိုသိရှိလိုပါသလား?