ဖော်ပြချက်

ပဲပုပ်ကို အင်္ဂလိပ်ဘာသာဖြင့် Soybean, Soy bean, Soya bean စသည်ဖြင့် ခေါ်ဆိုကြပြီး ရုက္ခဗေဒအမည်မှာ Glycine max ဖြစ် သည်။ HS Code မှာ 1201.10.00 နှင့် 1201.10.90 ဖြစ်သည်။

ပဲမျိုးစုံသီးနှံများအနက် ပဲပုပ်နှင့် မြေပဲသီးနှံများမှာ စားသုံးဆီ ထုတ်လုပ်နိုင်သည့် သီးနှံမျိုးများ ဖြစ်ကြပြီး ဆီထွက် ပဲပုပ်များ၏ ဆီထွက်ရာခိုင်နှုန်းမှာ ၂၀ မှ ၂၅ ထိရှိသည်။ ပဲပုပ်ကို စားသုံးဆီ အတွက်သာမက စားစရာ အမျိုးမျိုး ပြုလုပ်စားသုံးရန်နှင့် ဆီကြိတ်ဖတ်များကို တိရိစ္ဆာန်အစားအစာအဖြစ် အသုံးပြုရန်အပြင် ပြည်ပသို့လည်း တင်ပို့ ရန် စိုက်ပျိုးလျက်ရှိသည်။

ပဲပုပ်ကို “ပဲငပိ”၊ “ပဲကျပ်ပျဉ်” ဟုလည်း ခေါ်ဝေါ်ကြသည်လည်း ရှိသည်။ ယနေ့ခေတ်ကာလတွင် “ပဲပုပ်”ကို “ပဲပိစပ်”ဟု လွဲမှား ခေါ်ဝေါ်မှုများ ရှိနေသဖြင့် ပဲပိစပ်ဟု တွေ့ရှိတိုင်း ပဲပုပ်ကို ဆိုလိုခြင်းလားဟု သတိပြုရန် လိုအပ်လျက်ရှိသည်။

ပဲပုပ်ကို မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၌ အများဆုံး စိုက်ပျိုးရာ စုစုပေါင်း ပဲပုပ်စိုက်ဧရိယာ၏ ထက်ဝက်ခန့်ထိ ရှိသည်။ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ လွဲ၍ ကျန်ဒေသများအားလုံးတွင် စိုက်ပျိုးကြရာ ဧရာဝတီ၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးများမှာ စိုက်ဧရိယာ အများအပြားရှိသည်။ မိုးစိုက်ဧက ၃၃% ၊ ဆောင်းစိုက်ဧက ၆၇% ရှိသည်။ စုစုပေါင်း စိုက်ဧက ၃ သိန်းကျော်မှ စုစုပေါင်း တင်း ၆ သန်းကျော် (တန်ချိန်အားဖြင့် ၂ သိန်းခန့်) ထွက်ရှိသည်။

ပြည်ပသို့ တင်ပို့မှု စာရင်းများအရ ၂၂၄ တန်မှ တန်ချိန် ၁ သောင်း ၆ ထောင်ထိ တင်ပို့မှုများ ရှိသည်ကို တွေ့ရှိရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ သိန်းမှ ၁.၆ သန်းခန့်အထိ ရရှိခဲ့သည်။ အများအားဖြင့် အိန္ဒိယ၊ တရုတ်၊ နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့သည်။

ထင်ရှားသည့် ပဲပုပ်မျိုးများမှာ ရေဆင်း-၃၊ ရေဆင်း-၅၊ ရေဆင်း-၆၊ ရေဆင်း-၁၁၊ ရေဆင်း-၁၄၊ အက်စ်ဘီ-၄၅၊ အက်စ်ဘီ-၆၀၊ တာချီလိတ်လုံးကြီး၊ သိပ္ပံ စသည်တို့ ဖြစ်သည်။

ရောင်းဝယ်ရာတွင် အဓိကအားဖြင့် “မြန်မာပဲပုပ်”နှင့် “ရှမ်းပဲပုပ်”ဟု ခွဲခြားရောင်းဝယ်ကြသကဲ့သို့ အစေ့ အရွယ် အစားပေါ် မူတည်၍ ဒေသအလိုက် အလုံးကြီးမျိုးများကိုလည်း သီးခြား ရောင်းဝယ်ကြသည်။

သတ်မှတ်ချက်များ

မြန်မာ့ပဲပုပ် FAQ (Fair Average Quality) ၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၃.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၃.၀၀%(အများဆုံး)
(ဃ) အခြားပဲစေ့ ၀.၅၀%(အများဆုံး)
(င) ပဲညီအမ ၁.၀၀%(အများဆုံး)
(စ) အကျိုးအကြေ ၀.၅၀%(အများဆုံး)
(ဆ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)

“မြန်မာ့ပဲပုပ်စေ့စံချိန်စံညွှန်း (MMS 24: 2022)” ကိုလည်း အမျိုးသားစံချိန်စံညွှန်းကောင်စီက (၁၈-၅-၂၂) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၁/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာပြီး ဖြစ်သည်။

ပိုမိုသိရှိလိုပါသလား?