ဖော်ပြချက်

ပဲနောက်၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် – ပဲနောက်
(ခ) ဒေသအခေါ်အဝေါ် – ပဲနောက် / ပဲနောက်စိမ်း
(ဂ) အင်္ဂလိပ်အမည် – MUNG BEAN, GREEN MUNG BEAN, GREEN GRAM
(ဃ) ရုက္ခဗေဒအမည် – PHASEOLUS AUREUS, RADIA TUS LINN, VIGNA RADIATA-L

အသေးစိတ်ဖော်ပြချက်

ပဲနောက်၏ပုံသဏ္ဍာန်မှာ စည်တိုပုံသဏ္ဍာန် အလုံးကလေးများဖြစ်၍ပဲတီစိမ်းနှင့် ဆင်တူယိုးမှား ဖြစ်ပါသည်။ အလုံးအရွယ်မှာ ပဲတီစိမ်းထက်အနည်းငယ် ငယ်ပါသည်။ ပဲနောက်၏အလျားမှာ ၁.၁၅ / ၁.၂ဝ လက်မ၊ အနံံမှာ ဝ.၁၁ / ၁.၁၅ နှင့် ထု ဝ.၁၁ / ၁.ဝ၅ လက်မဖြစ်ပါသည်။ ပဲနောက်ကို သာမန်အားဖြင့် ပဲတီစိမ်းနှင့် ခွဲခြားမရသည့်အတွက် တောင်သူများသည် ပဲနောက်နှင့်ပဲတီစိမ်းကို မျိုးတူ အဖြစ် သတ်မှတ်ခေါ်ဝေါ်ကြပါသည်။ ပဲနောက်မှာ ရာသီဥတုကောင်းမွန်မှုအပေါ်မူတည်၍ အလုံး ကြီးထွားခြင်းနှင့် အရောင်အဆင်း အနည်းငယ်ကွဲပြားမှုရှိပါသည်။ ပဲနောက်တွင် ပဲနောက်စိမ်း ဟု ခေါ်သည်မှာ စိမ်းဝါရောင်ရှိသောကြောင့်ဖြစ်ပြီး ပဲတီစိမ်းနှင့် ကွဲပြားမှုရှိကြောင်းလည်းသိရပါသည်။ ပဲတီစိမ်းမှာ အစိမ်းရင့်ရောင်ရှိပြီး ပဲနောက်ထက်အလုံးကြီးထွားမှုပိုပါသည်။ ပဲနောက်သည် ပဲတီစိမ်းနှင့် မျိုးတူပါသည်။

မြန်မာ့အစားအစာနှင့် အာဟာရဓါတ်တန်ဖိုး (ကျန်းမာရေးဝန်ကြီးဌာန) စာအုပ်တွင် ပဲနောက်၏ အာဟာရဓါတ်တန်ဖိုးကို အောက်ပါအတိုင်းဖေါ်ပြထားပါသည်။

(၁) ရေငွေ့ဓါတ် ၈.၆၁ဝ ဂရမ်
(၂) အသားဓါတ် ၂၂.ဝ၅ ဂရမ်
(၃) အဆီဓါတ် ၁.၉၅၅ ဂရမ်
(၄) သကြားဓါတ်(ခေါ်)ကစီဓါတ် ၂.၇၉၁ ဂရမ်
(၅) သတ္တုဓါတ် ၄.၉၈၁ ဂရမ်
(၆) ထုံးဓါတ် ၂၂၈.၄ မီလီဂရမ်
(၇) ယမ်းစုံးဓါတ် ၂၅၉.၇ မီလီဂရမ်
(၈) သံဓါတ် ၄.၄၁ဝ မီလီဂရမ်

ပဲနောက်အသီး၏ပုံသဏ္ဍာန်မှာ ပဲသီးအငယ်စားမျိုးဖြစ်ပြီး သီးတောင့်ရှည်အမျိုးအစားတွင် ပါဝင်သည်။ သီးတောင့်၏အလျားမှာ ၅ စင်တီမီတာနှင့် အနံ ဝ.၄ စင်တီမီတာခန့်ရှိပါသည်။ အသီးနုချိန် တွင် အစိမ်းရောင်အဆင်းရှိပြီး ရင့်မှည့်ချိန်တွင် နက်ညိုရောင်အဆင်းရှိပါသည်။ ပဲသီး တစ်တောင့်တွင် ပဲစေ့ ၅ စေ့မှ ၈ စေ့အထိပါရှိပါသည်။

ပဲနောက်သည် ဆောင်းသီးနှံဖြစ်သည်နှင့်အညီ မိုးများစွာရွာသွန်းရန်မလိုအပ်ပါ။ မိုးရေချိန် လက်မ ၃ဝ-၃၅ ခန့်ရွာသွန်းလျှင် သီးနှံဖြစ်ထွန်းရန် လုံလောက်မှုရှိပါသည်။ အသီးအပွင့်များ ဖြစ်ထွန်း ချိန်တွင် မိုးနှင်းများကျရောက်ပါမှု ပိုမိုဖြစ်ထွန်း၍အထွက်နှုန်းလည်း များပြားနိုင်ပါသည်။ အပူချိန် အားဖြင့် ၃ဝံ-၄ဝံ စင်တီဂရိတ်ခန့်လိုအပ်ပါသည်။

ပဲနောက်ကိုအများအားဖြင့် မြန်မာနိုင်ငံအောက်ပိုင်းတွင် နှမ်းလျင်သီးနှံအပြီး စက်တင်ဘာလနှင် အောက်တိုဘာလများ၌ စိုက်ပျိုးကြ၍ အောက်မြန်မာနိုင်ငံ တွင် အောက်တိုဘာလ များနှင့် နိုဝင်ဘာ လများ၌ စိုက်ပျိုးကြပါသည်။ ပဲနောက်သီးနှံကို သီးသန့်စိုက်ပျိုးလေ့ရှိပြီး မြေဧရိယာနည်းသော တောင်သူများသည် ကန်ဆင်းပတ်လည်တွင် ကြဲပက်၍ စိုက်ပျိုးလေ့ရှိပါသည်။ အချို့သောဒေသတွင် မတ်ပဲ စိုက်ပျိုးရာ၌ သီးနှံပေါ်ထွက်လာသည့် အချိန်တွင် အညိုရောင်ရှိသော ပဲနောက်များ မျိုးထွန်း၍ ပါရှိတတ်ပါသည်။ ယင်းသို့ဖြင့် အညိုရောင်ဖြင့်ပါရှိသော ပဲနောက်ကို အခွံခွာရာ၌ အတွင်းသား အဆီမှာ အဝါရောင်ရှိသောကြောင့် ပဲနောက်ဟု သတ်မှတ်ကြောင်း သိရပါသည်။ မတ်ပဲ၏ မူလအတွင်းသား အရောင်မှာ အဖြူရောင်သာဖြစ်ပါသည်။ သို့အတွက်ကြောင့် ပဲနောက်သီးနှံကို သီးခြားအမည်ဖြင့် တောင်သူများ ခွဲခြားခေါ်ဝေါ်ရာမှ သက်နုပဲ (သို့မဟုတ်) ပဲနောက်ဟု ဖြစ်ပေါ်လာကြောင်း သိရပါသည်။

ပဲနောက်ကို အထက်မြန်မာနိုင်ငံတွင် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ရိတ်သိမ်းကြပါသည်။ မြန်မာနိုင်ငံအောက်ပိုင်းတွင်မူ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလများတွင် ရိတ်သိမ်းပါသည်။ ပဲနောက်မှာ သက်နုပဲအမျိုးအစားဖြစ်၍အပင်၏အရွက်များ ၂/၃ ပုံခန့် ခြောက်သွေ့စပြုသည့်အချိန်တွင် ရိတ်သိမ်းလေ့ရှိပါသည်။ ရိတ်သိမ်းမှု အချိန်အခါ အထူးဂရုပြုရိတ်သိမ်းနိုင်မှသာ လေလွင့်ဆုံးရှုံးမှုကို ကာကွယ်နိုင်ပါသည်။

ပဲနောက်ကိုဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးပါသည်။ စားသုံးရာတွင် အပင်ဖေါက်ခြင်း၊ အခြမ်း ခွဲခြင်း၊ ပဲချဉ်ပြုလုပ်စားခြင်းများလည်း ရှိပါသည်။ ကျေးလက်ဒေသ များတွင် ပဲနောက်ကို ဆန်ဖြင့်ရော ၍ လည်းကောင်း စားသုံးကြပါသည်။ အချို့မှာ ပဲကြာဇံပြုလုပ်ရာတွင် အသုံးပြု၍ လည်းကောင်း၊ ပဲမှုန့်ကြော် ပြုလုပ်၍ လည်းကောင်း စားသုံးကြပါသည်။ ပဲနောက်၏အရသာမှာ ချိုစိမ့်သော အရသာ ရှိပါသည်။ ပဲနောက်အခွံများမှာ ပါးလွှာ၍ အပင်ဖေါက်ရာတွင် လွယ်ကူပါသည်။ ပိုးလည်းကျရောက်လွယ်ပါသည်။ ပဲနောက်သည် ပဲတီစိမ်းနည်းတူ အစေးဓါတ်ပါ၍ ကော်အဖြစ် အသုံးပြုနိုင်သော ကုန်ကြမ်းတစ်မျိုး ဖြစ်ပါသည်။

ပိုမိုသိရှိလိုပါသလား?