ဖော်ပြချက်

ပဲကြီးကို အင်္ဂလိပ်ဘာသာဖြင့် Lablab bean, Hyacinth bean, Indian bean စသည်ဖြင့် ခေါ်ဆိုကြပြီး ရုက္ခဗေဒ အမည်မှာ Dolichos lablab ဖြစ်သည်။ HS Code မှာ 0708.90.00.20 ဖြစ်သည်။

ပဲကြီးသီးနှံမှာ ပြည်တွင်းစားသုံးမှုအတွက် အဓိကစိုက်ပျိုးသော ပဲအမျိုးအစား တစ်မျိုး ဖြစ်ပြီး ပြည်ပသို့ တင်ပို့မှု နည်းသော ပဲအမျိုးအစားတစ်မျိုးလည်း ဖြစ်သည်။ ပဲကြီးနှပ်၊ ပဲကြီး-ဆူးပုတ် ဟင်းချိုတို့မှာ ထင်ရှားသော ပဲကြီး ဟင်းလျာများဖြစ်ကြပြီး ပဲခြမ်းကြော်၊ ပဲကြီးလှော်အဖြစ် ကြော်လှော် စားသုံးသည်များလည်း ရှိသည်။

မြန်မာနိုင်ငံတွင် ပဲကြီးကို အများဆုံး စိုက်ပျိုးသည့် တိုင်းဒေသကြီးမှာ မကွေး ဖြစ်ပြီး စစ်ကိုင်း နှင့် မန္တလေး တိုင်း ဒေသကြီးများတွင်လည်း အများအပြား စိုက်ပျိုးထွက်ရှိသည်။ စိုက်ဧက စုစုပေါင်း ၂.၅၀ သိန်းကျော်မှ အထွက်တင်း ၃.၈ သိန်းခန့် (တန်ချိန် ၁.၂ သိန်းခန့်) ထွက်ရှိသည်။ ရာသီအလိုက် စိုက်ပျိုးမှုမှာ မိုးရာသီတွင် ၂၈ ရာခိုင်နှုန်းနှင့် ဆောင်းရာသီတွင် ၇၂ ရာခိုင်နှုန်း ရှိသည်။

မြန်မာ့ပဲကြီး ပြည်ပတင်ပို့မှုမှာ တစ်နှစ်ပျမ်းမျှ တန်ချိန် ၇ ထောင်မှ ၈ ထောင်ခန့်ရှိပြီး ပဲပို့ကုန်တန်ဖိုးတွင် ပါဝင်မှု ပျမ်းမျှ (၀.၅) ရာခိုင်နှုန်းမျှသာ ရှိသည်။ ပဲမျိုးစုံ တင်ပို့မှု စံချိန်ကျိုးသည့် ၂၀၂၀-၂၁ ခုနှစ်တွင် ပဲကြီးကို တန်ချိန် ၁၉,၄၂၂ အထိ စံချိန်တင် တင်ပို့နိုင်ခဲ့သည်။ ပဲကြီး အများဆုံး တင်ပို့ခဲ့ရသည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှား၊ ကာတာ၊ ယူကေ၊ တရုတ် စသည့်နိုင်ငံများ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် “ရွှေယင်းမာ”မှာ ထင်ရှားသော ပဲကြီးမျိုး တစ်မျိုးဖြစ်သည်။ အဖြူရောင် ပဲကြီးများကို အတွေ့ရ များသော်လည်း အချို့ဒေသများတွင် ပဲကြီး(မဲ)များကို တွေ့ရှိနိုင်သည်။ ထွက်ရှိရာနေရာဒေသကိုလိုက်၍ ပဲကြီး(ကုန်း)၊ ပဲကြီး(ရွှေကျွန်း)၊ ပဲကြီး(ကမ်းနား)၊ ပဲကြီး(ရှမ်း) ဟူ၍လည်းကောင်း၊ အစေ့အရွယ်အစားကိုလိုက်၍ ပဲကြီး(ကြီး)၊ ပဲကြီး(လတ်)နှင့် ပဲကြီး(သေး) ဟူ၍လည်းကောင်း၊ ခွဲခြား ရောင်းဝယ်ကြသည်။

ပိုမိုသိရှိလိုပါသလား?