ဖော်ပြချက်

ပဲတီစိမ်းကို အင်္ဂလိပ်ဘာသာဖြင့် Green mung beans,  Green gram, Moong စသည်ဖြင့် ခေါ်ဆိုကြပြီး ရုက္ခ ဗေဒ အမည် မှာ Vigna radiata ဖြစ်သည်။ မူရင်းဒေသမှာ အိန္ဒိယနှင့် အာရှအလယ်ပိုင်းဒေသ ဖြစ်သည်။ HS Code မှာ 071331 9050 ဖြစ်သည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့လျှက်ရှိသော ပဲများတွင် ပဲတီစိမ်းနှင့် မတ်ပဲတို့မှာ အများဆုံး တင်ပို့သော ပဲအမျိုး အစား များ ဖြစ်ကြသည်။ ပဲတီစိမ်းကို ပဲပင်ပေါက်ဖောက်ရန်အတွက်လည်း ဥရောပသမဂ္ဂနိုင်ငံများသို့ တင်ပို့လျှက် ရှိသည်။ ပုံမှန်အားဖြင့် အစေ့အစိမ်းရောင်မျိုးများကိုသာ စိုက်ပျိုးလျှက်ရှိရာမှ ယခုအခါ အနီရောင်မျိုးများကိုလည်း တိုးချဲ့စိုက်ပျိုး လာကြသည်။

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီ တိုင်းဒေသကြီးများတွင် အများ ဆုံး စိုက်ပျိုးလျှက်ရှိသည်။ စိုက်ဧကစုစုပေါင်း ၂.၈၅ သန်းမှ အထွက်တင်း ၄၅ သန်းကျော်(တန်ချိန် ၁.၄၅ သန်းခန့်) ထွက်ရှိ သည်။ အထွက် စုစုပေါင်း၏ ၃၅ ရာခိုင်နှန်းခန့်သည် မိုးရာသီတွင်လည်းကောင်း၊ ကျန် ၆၅ ရာခိုင်နှုန်းခန့် သည် ဆောင်းရာသီတွင်လည်းကောင်း ထွက်ရှိသည်။ အစိုဓါတ်ရရှိနိုင်ပါက ပဲတီစိမ်းသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး နိုင်သည့် သီးနှံ ဖြစ်သည်။ အချို့ဒေသများတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) လိုက်နာကျင့် သုံး စိုက်ပျိုးထုတ်လုပ်လျှက် ရှိသည်ကို တွေ့ရှိရသည်။

နှစ်စဉ် မြန်မာ့ပဲတီစိမ်း ပြည်ပတင်ပို့မှုမှာ တန်ချိန် ၃ သိန်းကျော်မှ အများဆုံး ၆.၇ သိန်းထိရှိပြီး တရုတ်နိုင်ငံသို့ နယ်စပ်မှ တင်ပို့မှုမှာ အများဆုံး ဖြစ်သည်။ အခြား အများအပြားတင်ပို့သည့် နိုင်ငံများမှာ အိန္ဒိယ၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ပါကစ္စတန် နှင့် ဗီယက်နမ်တို့ ဖြစ်သည်။ ပဲတီစိမ်းကို အစေ့လိုက်အတိုင်းသာမက အခွံချွတ်အလုံး၊ အခွံပါခွဲ ခြမ်း၊ အခွံမပါခွဲခြမ်းများ ကိုလည်း တင်ပို့လျှက်ရှိသည်။

တကမ္ဘာလုံးအတိုင်းအတာဖြင့် ပဲတီစိမ်း ဧက ၁၈ သန်း စိုက်ပျိုးပြီး တန်ချိန် ၅.၃ သန်း ထွက်ရှိသည်ဟု သိရှိရ သည်။ နိုင်ငံတကာဈေးကွက်များတွင် တင်ပို့ရောင်းချမှုများမှာ တန်ဘိုးအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၇၈၈ သန်းပေါင်း ရှိသည်ဟုဆိုသည်။ ကမ္ဘာ့ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ပြည်ပတင်ပို့မှု အများဆုံး နိုင်ငံများမှာ မြန်မာ၊ တရုတ်၊ ဥဇ္ဇဘက်ကစ္စတန်တို့ ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော ပဲတီစိမ်းမျိုးများမှာ – ရေဆင်း-၉၊ ရေဆင်း-၁၁၊ ရေဆင်း-၁၄၊ ရေဆင်း-၁၅၊ ခရမ်း ရွှေဝါ စသည်တို့ ဖြစ်ကြပြီး ရောင်းဝယ်ရာတွင် ဒေသအလိုက် ပဲတီစိမ်း၊ ပဲတီရွှေဝါ၊ အညာရွှေဝါ စသည်ဖြင့် ခွဲခြား ရောင်းဝယ်ကြသကဲ့သို့ အစေ့အရွယ် အစားအပေါ် မူတည်၍ လုံးကြီး၊ လုံးလတ်၊ လုံးသေးဟူ၍လည်း ခွဲခြား ရောင်း ဝယ်ကြသည်။

သတ်မှတ်ချက်များ

မြန်မာ့ပဲတီစိမ်း FAQ (Fair Average Quality)အတွက် ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည်-

 

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၂.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၄.၀၀%(အများဆုံး)
(ဃ) အခြားပဲမျိုးများ ၁.၀၀%(အများဆုံး)
(င) ပဲညီအမ ၂.၀၀%(အများဆုံး)
(စ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)

အခွံပါခွဲခြမ်း

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၁.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၁.၀၀%(အများဆုံး)
(ဃ) အကျိုးအကြေ ၁.၀၀%(အများဆုံး)
(င) အရောင်ပျက် ၁.၀၀%(အများဆုံး)
(စ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)

အခွံမပါခွဲခြမ်း

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၁.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၁.၀၀%(အများဆုံး)
(ဃ) အကျိုးအကြေ ၁.၀၀%(အများဆုံး)
(င) အရောင်ပျက် ၁.၀၀%(အများဆုံး)
(စ) အခွံပါခွဲခြမ်း ၁.၀၀%(အများဆုံး)
(ဆ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)

ပိုမိုသိရှိလိုပါသလား?