ဖော်ပြချက်

ကုလားပဲကို အင်္ဂလိပ်ဘာသာဖြင့် Chickpea, Chick pea, Gram စသည်ဖြင့် ခေါ်ဆိုကြပြီး Desi Chana, Garbanzo, Kabuli စသည့် မျိုးကွဲများအလိုက် ခေါ်ဝေါ်ကြသည်လည်းရှိသည်။ ရုက္ခဗေဒအမည်မှာ Cicer arietinum ဖြစ်သည်။ HS Code မှာ 071320 (ITC) ဖြစ်သည်။

ကုလားပဲသီးနှံမှာ ပြည်တွင်းစားသုံးမှု များပြားသဖြင့် ပြည်တွင်းသုံးအတွက်ရော ပြည်ပတင်ပို့မှုအတွက်ပါ အရေး ပါသော ပဲအမျိုးအစား ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုလားပဲကို စစ်ကိုင်း၊ မန္တလေးနှင့် မကွေး တိုင်းဒေသကြီးများတွင် ဆောင်းသီးနှံအဖြစ် အများဆုံး စိုက်ပျိုးသည်။ စိုက်ဧကစုစုပေါင်း ၈.၉၃ သိန်းမှ အထွက်တင်း ၁၆ သန်းခန့် (တန်ချိန် ၄.၇၀ သိန်းခန့်)ထွက်ရှိသည်။

မြန်မာ့ကုလားပဲ ပြည်ပတင်ပို့မှုမှာ တစ်နှစ်ပျမ်းမျှ တန်ချိန် ၄ သောင်းခန့်ရှိသည်။ အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့ ပြီး ပါကစ္စတန်၊ စင်္ကာပူ၊ ကိုရီးယား၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့လည်း တင်ပို့သည်။ အလုံးလိုက်အပြင် ခွဲခြမ်းအဖြစ်လည်း တင်ပို့သည်။

ကမ္ဘာပေါ်တွင် ကုလားပဲ တင်ပို့မှု အများဆုံးနိုင်ငံများမှာ သြစတြေလျ၊ တူကီယေး၊ ရုရှား၊ မက္ကဆီကို၊ ကနေဒါ နိုင်ငံ များ ဖြစ်ကြကာ တင်သွင်းမှု အများဆုံးနိုင်ငံများတွင် ဘင်္ဂလားဒေ့ရှ်၊ တူကီယေး၊ အီရန်၊ ယူအေအီး၊ အယ်ဂျီးရီးယား နိုင်ငံများ ပါဝင်ကြသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော ကုလားပဲမျိုးများမှာ – ‌ရေဆင်း-၈၊ ရေဆင်း-၁၁၊ ရေဆင်း-၆၊ ရွှေနီလုံးကြီး၊ မြကြေး၊ ကရာချိ၊ ကုလားပဲဖြူလုံးကြီး (V2, V3, V7, V9, 929, ထိုင်ဝမ်)၊ စသည်တို့ ဖြစ်ကြပြီး ရောင်းဝယ်ရာတွင် ကုလားပဲ ဝါ၊ ကုလားပဲဖြူ၊ ကုလားပဲဖြူလုံးကြီး၊ AQ, SQ စသည်ဖြင့် လည်းကောင်း၊ အလုံးလိုက်နှင့် အခွံချွတ် အခြမ်းအဖြစ် လည်းကောင်း ရောင်းဝယ်ကြသည်။ ကုလားပဲ အစိမ်းမှုန့်၊ အကျက်မှုန့်များအဖြစ် ပြုပြင်ထုတ်လုပ် ရောင်းဝယ်ကြ သည်လည်း ရှိသည်။

သတ်မှတ်ချက်များ

မြန်မာ့ကုလားပဲ FAQ (Fair Average Quality) ၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည် –

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၃.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၅.၀၀%(အများဆုံး)
(ဃ) အခြားပဲစေ့ ၀.၅၀%(အများဆုံး)
(င) အကျိုးအကြေ ၃.၀၀%(အများဆုံး)
(စ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)
အကြောင်းအရာ အခွံချွတ်ခွဲခြမ်းအသေး
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၃.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၂.၀၀%(အများဆုံး)
(ဃ) အခွံပါပဲခြမ်း ၅.၀၀%(အများဆုံး)

ပိုမိုသိရှိလိုပါသလား?