ဖော်ပြချက်

ထောပတ်ပဲကို အင်္ဂလိပ်ဘာသာဖြင့် Butter bean, Lima bean ဟု ခေါ်ဆိုကြပြီး ရုက္ခဗေဒအမည်မှာ Phaseolus lunatus ဖြစ်သည်။ HS Code မှာ 0708.20.90.11 ဖြစ်သည်။ ပင်ရင်းနိုင်ငံမှာ ပီရူးနိုင်ငံ ဖြစ်သည်။

ထောပတ်ပဲမှာ ပြည်တွင်းစားသုံးမှုအတွက်ရော ပြည်ပတင်ပို့မှုအတွက်ပါ အရေးပါသော ပဲအမျိုးအစား တစ်မျိုး ဖြစ်သည်။ စားသုံးရာ၌ ထောပတ်ပဲ၊ ပဲဖြူကလေး၊ စွန်တာနီ၊ စွန်တာပြာ စသည့် ပဲမျိုးများတွင် သဘာဝအလျောက် ပါဝင်နေသော ဟိုက်ဒရိုဂျင်ဆိုင်ယာနိုက် (HCN) ကြောင့် အဆိပ်အတောက်ဖြစ်တတ်၊ “ပဲတောက်”တတ်သည်ကို သတိပြုရန် လိုအပ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် ထောပတ်ပဲကို မန္တလေး၊ စစ်ကိုင်းနှင့် မကွေး တိုင်းဒေသကြီးတွင် အများဆုံး စိုက်ပျိုးကြသည်။ စိုက်ဧရိယာ ၁.၃၀ သိန်းကျော် စိုက်ပျိုးပြီး တင်း ၁.၉ သန်းခန့် (တန်ချိန်အားဖြင့် ၆ သောင်းခန့်) ထွက်ရှိသည်။ ရာသီအလိုက် စိုက်ပျိုးမှုမှာ မိုးရာသီတွင် ၂၄ % နှင့် ဆောင်းရာသီတွင် ၇၆ % ရှိသည်။

ပြည်ပသို့ တင်ပို့မှုမှာ ၂၀၂၂-၂၃ ခုနှစ် စာရင်းများအရ တန်ချိန် ၃.၃ သောင်းခန့်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ သန်းခန့် ဖြစ်သည်။ အများအားဖြင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် ဥရောပနိုင်ငံများသို့ တင်ပို့သည်။

ရောင်းဝယ်ရာတွင် အကြီး၊ အလတ်၊ အသေး စသည်ဖြင့် အစေ့ အရွယ်အစားပေါ် မူတည်၍ လည်းကောင်း အလုံး လိုက်နှင့် အခွံချွတ်အခြမ်းအဖြစ်လည်းကောင်း ရောင်းဝယ်ကြသည်။

သတ်မှတ်ချက်များ

မြန်မာ့ထောပတ်ပဲ FAQ (Fair Average Quality) ၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည် –

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၃.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၃.၀၀%(အများဆုံး)
(ဃ) အခြားပဲစေ့ ၀.၅၀%(အများဆုံး)
(င) ပဲညီအမ ၁.၀၀%(အများဆုံး)
(စ) အကျိုးအကြေ ၁.၀၀%(အများဆုံး)
(ဆ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)

ပိုမိုသိရှိလိုပါသလား?