
အသေးစိတ်ဖော်ပြချက်
မတ်ပဲကို အင်္ဂလိပ်ဘာသာဖြင့် Black gram, Black Matpe, Urad, Urd စသည်ဖြင့် ခေါ်ဆိုကြပြီး ရုက္ခဗေဒအမည် မှာ Vigna mungo ဖြစ်သည်။ မူရင်းဒေသမှာ တောင်အာရှဒေသ ဖြစ်သည်။ HS Code မှာ 0708.20.90.61 နှင့် 0708.20.90.62 ဖြစ်သည်။
မတ်ပဲသီးနှံမှာ နိုင်ငံတော်အတွင်း စိုက်ပျိုးလျှက်ရှိသည့် သီးနှံများတွင် ပဉ္စမမြောက် စိုက်ဧရိယာ အများဆုံး စိုက် ပျိုးသော သီးနှံဖြစ်သည့်အပြင် မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့လျှက်ရှိသော ပဲများတွင် တန်ချိန်အရလည်းကောင်း၊ တန်ဘိုးအရလည်းကောင်း အများဆုံး တင်ပို့သော ပဲအမျိုးအစားလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မတ်ပဲကို ဧရာဝတီ၊ ပဲခူးနှင့် စစ်ကိုင်း တိုင်းဒေသကြီးများတွင် အများဆုံး စိုက်ပျိုးလျှက်ရှိသည်။ စိုက်ဧကစုစုပေါင်း ၂.၂၉ သန်းမှ အထွက်တင်း ၄၁ သန်းကျော် (တန်ချိန် ၁.၃၄ သန်းခန့်) ထွက်ရှိသည်။ အထွက် စုစုပေါင်း၏ ၉၉.၆ ရာခိုင်နှုန်းခန့်သည် ဆောင်းရာသီတွင် ထွက်ရှိသည်ဖြစ်ရာ မိုးရာသီတွင် ထွက်ရှိမှု အလွန် နည်းပါးသည်။
နှစ်စဉ် မြန်မာ့မတ်ပဲ ပြည်ပတင်ပို့မှုမှာ တန်ချိန် ၄.၆ သိန်းမှ အများဆုံး ၆.၇ သိန်းထိရှိပြီး အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့သည်။ ၂၀၂၁-၂၂ ခုနှစ်မှ ၂၀၂၅-၂၆ ခုနှစ်အထိ တစ်နှစ်လျှင် မတ်ပဲ တန်ချိန် ၂.၅ သိန်း တင်သွင်းခွင့်ပြုရန် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအစိုးရများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။ မတ်ပဲကို အစေ့လိုက် အတိုင်းသာမက အခွံချွတ် အလုံးသေး/အလုံးကြီး၊ အခွံပါခွဲခြမ်း အသေး/ အကြီး၊ အခွံချွတ်ခွဲခြမ်း အသေး/ အကြီး စသည့် တန်ဖိုးမြှင့်ပို့ကုန်များကိုလည်း တင်ပို့လျှက်ရှိသည်။
ကမ္ဘာပေါ်တွင် မတ်ပဲ စိုက်ပျိုးမှု၊ စားသုံးမှုနှင့် တင်သွင်းမှု အများဆုံးနိုင်ငံမှာ အိန္ဒိယနိုင်ငံ ဖြစ်သည်။ ကမ္ဘာ့ မတ်ပဲ ကုန်သွယ်မှုကို HS Code 071331 (ITC) အရ ဖော်ပြရာတွင် မတ်ပဲနှင့် ပဲတီစိမ်းကို ပူးတွဲဖော်ပြလေ့ရှိရာ အဆိုပါ ပူးတွဲ စာရင်းများအရ မြန်မာ၊ တရုတ်၊ သြစတြေလျ၊ ဥဇ္ဇဘကစ္စတန်၊ အိန္ဒိယ နိုင်ငံများမှာ တင်ပို့မှု ထိပ်တန်းနိုင်ငံ များ ဖြစ်ကြပြီး တင်သွင်းမှု အများဆုံးနိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန် နိုင်ငံများ ဖြစ် ကြသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ထင်ရှားသော မတ်ပဲမျိုးများမှာ – ရေဆင်းမတ်ပဲ-၅၊ ရေဆင်းမတ်ပဲ-၆၊ ရေဆင်းမတ်ပဲ-၇၊ ပုလဲထွန်း စသည်တို့ ဖြစ်ကြပြီး ရောင်းဝယ်ရာတွင် Raw, FAQ, SQ နှင့် RC စသည်ဖြင့် ခွဲခြား ရောင်းဝယ် ကြသကဲ့သို့ အစေ့ အရွယ် အစားအပေါ် မူတည်၍ လုံးကြီး၊ လုံးသေးဟူ၍လည်း ခွဲခြားရောင်းဝယ်ကြသည်။
မြန်မာ့မတ်ပဲ FAQ (Fair Average Quality)၊ FQ (First Quality) နှင့် SQ (Special Quality)တို့အတွက် ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –
အကြောင်းအရာ FAQ FQ SQ
(က) ဖုန်ခဲသလဲ ၁.၀၀% (အများဆုံး) ၁.၀၀% (အများဆုံး) ၁.၀၀% (အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၁.၅၀% (အများဆုံး) ၁.၀၀% (အများဆုံး) ၀.၅၀% (အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၄.၀၀% (အများဆုံး) ၂.၅၀% (အများဆုံး) ၂.၀၀% (အများဆုံး)
(ဃ) အညိုရောင်ပဲစေ့ ၃.၀၀% (အများဆုံး) ၃.၀၀% (အများဆုံး) ၂.၅၀% (အများဆုံး)
(င) ပဲညီအမ ၃.၀၀% (အများဆုံး) ၃.၀၀% (အများဆုံး) –
(စ) အစေ့ကြီး ၅.၀၀% (အများဆုံး) ၁၅.၀၀% (အများဆုံး) –
(ဆ) အစေ့သေး ၆.၀၀% (အများဆုံး) ၆.၀၀% (အများဆုံး) ၆.၀၀% (အများဆုံး)
(စ) အစိုဓါတ် ၁၄.၀၀% (အများဆုံး) ၁၄.၀၀% (အများဆုံး) ၁၄.၀၀% (အများဆုံး)
မတ်ပဲ FAQ မှ ထုတ်လုပ်သော အခွံချွတ် မတ်ပဲအလုံးသေးနှင့် SQ မှ ထုတ်လုပ်သော အခွံချွတ် မတ်ပဲအလုံးကြီး နှင့် ခွဲခြမ်းအဖြစ် ပြုပြင်ကြိတ်ခွဲထားသော အခွံပါနှင့် အခွံချွတ် မတ်ပဲခွဲခြမ်း ဆိုဒ်သေးနှင့် ဆိုဒ်ကြီးများ၏ စံချိန် စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –
အကြောင်းအရာ အခွံချွတ် အလုံးသေး အခွံချွတ် အလုံးကြီး
(က) ဖုန်ခဲသလဲ ၁.၀၀% (အများဆုံး) ၁.၀၀% (အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၁.၀၀% (အများဆုံး) ၁.၀၀% (အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၁.၀၀% (အများဆုံး) ၁.၀၀% (အများဆုံး)
(ဃ) အကျိုးအကြေ ၁.၀၀% (အများဆုံး) ၁.၀၀% (အများဆုံး)
(င) အရောင်ပျက် ၁.၀၀% (အများဆုံး) ၁.၀၀% (အများဆုံး)
(စ) အခွံပါပဲစေ့ ၁.၀၀% (အများဆုံး) ၁.၀၀% (အများဆုံး)
(ဆ) အစိုဓါတ် ၁၄.၀၀% (အများဆုံး) ၁၄.၀၀% (အများဆုံး)