ဖော်ပြချက်

ပဲလွမ်းကို အင်္ဂလိပ်ဘာသာဖြင့် Cowpea ဟု ခေါ်ဆိုကြပြီး ရုက္ခဗေဒအမည်မှာ Vigna unguiculata ဖြစ်သည်။ HS Code မှာ 0708.20.90.30 ဖြစ်သည်။

ပဲလွမ်းသီးနှံမှာ ပြည်တွင်းစားသုံးမှုအတွက်ရော ပြည်ပတင်ပို့မှုအတွက်ပါ အရေးပါသော ပဲအမျိုးအစား တစ်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံသည် ကမ္ဘာ့ပဲလွမ်းတင်ပို့မှုတွင် ဒုတိယမြောက် အများဆုံးတင်ပို့လျှက်ရှိသည့် နိုင်ငံအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပဲလွမ်းအများဆုံး စိုက်ပျိုးသော တိုင်းဒေသကြီးမှာ ဧရာဝတီဖြစ်ပြီး စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ကရင် နှင့် မန္တလေး စသည့် တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း အများအပြား စိုက်ပျိုးထွက်ရှိသည်။ မိုးစိုက်ဧက ၁၄% နှင့် ဆောင်းစိုက်ဧက ၈၆% ရှိသည်။ စိုက်ဧက စုစု ပေါင်း ၂.၉၀ သိန်းမှ အထွက်တင်း ၄.၆ သန်းခန့် (တန်ချိန် ၁.၅ သိန်းခန့်) ထွက်ရှိသည်။

မြန်မာ့ပဲလွမ်း ပြည်ပတင်ပို့မှုမှာ တစ်နှစ်ပျမ်းမျှ တန်ချိန် ၄ သောင်းခန့်ရှိသည်။ တရုတ်၊ အိန္ဒိယနှင့် ကိုရီးယား နိုင်ငံများသို့ အများဆုံး တင်ပို့သည်။

ကမ္ဘာ့ပဲလွမ်း တင်ပို့သည့် နိုင်ငံများတွင် မြန်မာနိုင်ငံမှာ ဘရာဇီးလ်ပြီးလျှင် ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ ပီရူး၊ မဒဂတ်စကာနှင့် အိန္ဒိယနိုင်ငံများသည်လည်း ထိပ်တန်းတင်ပို့မှုနိုင်ငံများတွင် ပါဝင်ကြသည်။ ပဲလွမ်း တင်သွင်းမှု အများဆုံးနိုင်ငံများမှာ တရုတ်၊ အိန္ဒိယ၊ အမေရိကန်၊ တူကီယေး၊ ပေါ်တူဂီ စသည့်နိုင်ငံများ ဖြစ်ကြသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော ပဲလွမ်းမျိုးများမှာ – ‌ရေဆင်း-၁၊ ရေဆင်း-၂၊ ရေဆင်း-၃၊ အမေရိကန် ပဲလွမ်းဖြူ၊ ပဲလွမ်းပြာ၊ ပဲလွမ်းဝါ၊ ပဲလွမ်းနီ စသည်တို့ ဖြစ်ကြပြီး ရောင်းဝယ်ရာတွင် ချက်မဲ၊ ချက်ညို စသည်ဖြင့် ချက်၏ အရောင်ကို မူတည်၍ ခွဲခြားခေါ်ဝေါ်ကြသည်လည်းရှိသည်။ အလုံးလိုက်အပြင် အခွံချွတ်အခြမ်းအဖြစ်လည်း ရောင်းဝယ် ကြသည်။

သတ်မှတ်ချက်များ

မြန်မာ့ပဲလွမ်း FAQ (Fair Average Quality) ၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

အကြောင်းအရာ FAQ
(က) ဖုန်ခဲသလဲ ၁.၀၀%(အများဆုံး)
(ခ) ပိုးထိုးပဲစေ့ ၃.၀၀%(အများဆုံး)
(ဂ) ထိခိုက်ပျက်စီးပဲစေ့ ၃.၀၀%(အများဆုံး)
(ဃ) အခြားပဲစေ့ ၁.၀၀%(အများဆုံး)
(င) အကျိုးအကြေ ၁.၀၀%(အများဆုံး)
(စ) အစိုဓါတ် ၁၄.၀၀%(အများဆုံး)

ပိုမိုသိရှိလိုပါသလား??