
ဖော်ပြချက်
ပဲယဉ်းကို အင်္ဂလိပ်ဘာသာဖြင့် Rice bean, Bamboo bean ဟု ခေါ်ဆိုကြပြီး ရုက္ခဗေဒ အမည်မှာ Vigna umbellata ဖြစ်သည်။ HS Code မှာ 0708.20.90.40 ဖြစ်သည်။
ပြည်တွင်းစားသုံးမှုအတွက် သာမက ပြည်ပသို့ တင်ပို့မှုတွင်လည်း သိသိသာသာ တိုးတက်လာသော ပဲအမျိုးအစား မှာ ပဲယဉ်းဖြစ်သည်။ ထို့ပြင် သစ်စိမ်းမြေသြဇာအတွက် စိုက်ပျိုးလေ့ရှိသော ပဲအမျိုးအစားတစ်မျိုးလည်းဖြစ်သည်။ ယခင်က ပဲယင်းဝါ (အချို့ဒေသအခေါ် “ချင်းပဲ”)ကိုသာ စိုက်ပျိုးလျက်ရှိရာမှ ယခုအခါ “ပဲယဉ်းနီ”ကိုပါ တိုးချဲ့ စိုက်ပျိုးလာကြသည်ကို တွေ့ရှိရသည်။
မြန်မာနိုင်ငံတွင် ပဲယဉ်း စိုက်ပျိုးမှု အများဆုံး တွေ့ရှိရသော တိုင်းဒေသကြီးမှာ စစ်ကိုင်းနှင့် မန္တလေးတို့ ဖြစ်ကြပြီး မကွေး၊ ဧရာဝတီနှင့် ရှမ်း တိုင်းဒေသကြီး/ပြည်နယ်များတွင်လည်း အများအပြား စိုက်ပျိုးထွက်ရှိသည်။ စိုက်ဧက စုစုပေါင်း ၁.၃၅ သိန်းကျော်မှ အထွက်တင်းပေါင်း ၂.၀၅ သန်းခန့် (တန်ချိန်ထောင်ပေါင်း ၆၇ ခန့်) ထွက်ရှိသည်။ ရာသီအလိုက် စိုက်ပျိုးမှုမှာ မိုးရာသီတွင် ၁၄ ရာခိုင်နှုန်းနှင့် ဆောင်းရာသီတွင် ၈၆ ရာခိုင်နှုန်း ရှိသည်။
ပြည်ပသို့ ပဲယဉ်းတင်ပို့မှုမှာ စံချိန်တင် တင်ပို့နိုင်သည့် ၂၀၂၂-၂၃ ခုနှစ်တွင် တန်ချိန်ထောင်ပေါင်း ၈၅ ၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၆၁ သန်းခန့် ရရှိခဲ့ရာ ယခင်က ၂၀၂၀-၂၁ ခုနှစ်တွင် အများဆုံး တင်ပို့ခဲ့သည့် အမေရိကန် ဒေါ်လာ ၁၂ သန်းဖိုးထက် ငါးဆမျှ ပိုမိုတင်ပို့နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
ရောင်းဝယ်ဖောက်ကားရာတွင် ပဲယဉ်းဝါ၊ ပဲယဉ်းနီဟုလည်းကောင်း၊ အကြီး/ အသေးဟုလည်းကောင်း ခွဲခြား ရောင်းဝယ်ကြသည်။
သတ်မှတ်ချက်များ
မြန်မာ့ပဲယဉ်း FAQ (Fair Average Quality) ၏ ယေဘုယျ စံချိန်စံညွှန်း သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –
အကြောင်းအရာ | FAQ | |
(က) | ဖုန်ခဲသလဲ | ၁.၀၀%(အများဆုံး) |
(ခ) | ပိုးထိုးပဲစေ့ | ၁.၀၀%(အများဆုံး) |
(ဂ) | ထိခိုက်ပျက်စီးပဲစေ့ | ၃.၀၀%(အများဆုံး) |
(ဃ) | အခြားပဲစေ့ | ၀.၅၀%(အများဆုံး) |
(င) | ပဲညီအမ | ၁.၀၀%(အများဆုံး) |
(စ) | အကျိုးအကြေ | ၁.၀၀%(အများဆုံး) |
(ဆ) | အစိုဓါတ် | ၁၄.၀၀%(အများဆုံး) |