ကြိုတင်ပြင်ဆင်နိုင်ရန် အသိပေးကြေညာချက် ထုတ်ပြန်ခြင်း

MPBSMA Office

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၆-၅-၂၀၂၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၃း၃၀) နာရီ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ၈-၅-၂၀၂၃ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ပိုမိုအားကောင်းလာနိုင်ပြီး ၉-၅-၂၀၂၃ ရက်နေ့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်ကာ မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားနိုင်ပြီး ၁၀-၅-၂၀၂၃ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ ဆိုက်ကလုန်းမုန်တိုင်း Mocha အဖြစ်သို့ အားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါကြောင်း၊ ခန့်မှန်းချက်များအရ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းအနီးသို့ ရောက်ရှိနိုင်ပါသဖြင့် ၉-၅-၂၀၂၃ ရက်နေ့မှ ၁၄-၅-၂၀၂၃ ရက်နေ့အထိ မြစ်ဝကျွန်းပေါ်၊ မုတ္မကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ပါကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၈၀) မှ မိုင်(၉၀) အထိတိုက်ခတ်နိုင်သည်ဟု ခန့်မှန်းရပါကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါဖြစ်ပေါ်လာနိုင်သည့် ဆိုက်ကလုန်းမုန်တိုင်း၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းတို့ဖြစ်ပေါ်နိုင်ပါသဖြင့် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း လုပ်ငန်းလုပ်ကိုင်နေသည့် အသင်းသားများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတို့တွင် မိမိတို့ ဝယ်ယူသိုလှောင်ထားသည့် ကောက်ပဲသီးနှံများ ထိခိုက် ပျက်စီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက်လိုအပ်သည့် အကာအကွယ်အစီအမံများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် အသိပေးကြေညာအပ်ပါသည်။


မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း