MPBSMA Office

အိန္ဒိယနိုင်ငံ IPGA ပဲမျိုးစုံ ညီလာခံ ၂၀၂၃ သို့ တက်‌ရောက်

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ International Pulses and Grains Association (IPGA) က ကျင်းပပြုလုပ် သော “၂၀၂၃ ခုနှစ် ပဲမျိုးစုံ ညီလာခံ (The Pulses Conclave 2023)” သို့ တက်ရောက်ရန် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်း ကုန်သည်များအသင်း (MPBMSMA) ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့ဝင် (၁၆) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတကာ ကုန်သွယ်မှု ဗဟိုဌာန (International Trade Center – ITC) ၏ ARISE Plus စီမံကိန်းမှ ပံ့ပိုးကူညီမှုဖြင့် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁၅)ရက်နေ့မှ (၂၁)ရက်နေ့အထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ကြသည်။

ခရီးစဉ်အတွင်း ပဲမျိုးစုံညီလာခံသို့ တက်ရောက်၍ အိန္ဒိယနှင့် ကမ္ဘာ့ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ် ရောင်းဝယ် ဖောက်ကားမှု အခြေအနေများ ရှေ့အလားအလာများကို လေ့လာခြင်း၊ ညီလာခံတက်ရောက်လာသည့် ပဲမျိုးစုံ လုပ်ငန်းရှင်များနှင့် တွေ့ဆုံမိတ်ဆက်ခြင်း၊ ဈေးကွက်အလားအလာ ရှာဖွေခြင်း၊ ကုန်စည်ဒိုင်သို့ လေ့လာရေး သွားရောက်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့ပြင် မွန်ဘိုင်းမြို့မှ အရှေ့ဘက် ၇၈၂ ကီလိုမီတာခန့် ကွာဝေးသော Nagpur မြို့သို့ သွားရောက်၍ “Vidarbha Dall Millers Association (VDMA)” အသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ စက်မှုဇုန်ရှိ Nagpur Dall Millers Cluster Pvt. Ltd. (NDMCPL)၏ ခေတ်မီ ပဲမျိုးစုံ ကြိတ်ခွဲစက်အား လေ့လာကြည့်ရှုခြင်း၊ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ အား ညှိနှိုင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

အိန္ဒိယနိုင်ငံသည် မြန်မာ့ပဲမျိုးစုံ အများဆုံး တင်ပို့‌‌ရောင်းချရာ နိုင်ငံဖြစ်ပြီး အဓိက တင်ပို့သည့် ပဲအမျိုး အစား များမှာ မတ်ပဲနှင့် ပဲစင်းငုံ ဖြစ်သည်။