Bocate

Description

ဘိုကိတ်ပဲသည် ဆောင်းသီးနှံဖြစ်ပြီး ဇန်နဝါရီမှ မတ်လအတွင်း ရိတ်သိမ်းလေ့ရှိသည်။ ပြည်တွင်း၌ များသောအားဖြင့် လှော်၍ စားသုံးကြသည်။ ပဲကိုကြိတ်၍ ပဲဖတ်ကို အဓိကထား ထုတ်လုပ်ကာ ပြည်ပသို့ ကျွဲနွားတိရစ္ဆာန်အစားအစာအဖြစ် တင်ပို့ခြင်းဖြင့် လည်းကောင်း၊ ပြန်လည် စိုက်ပျိုးရာတွင် မြေသြဇာ အဖြစ်လည်းကောင်း အသုံးပြုလျှက်ရှိပါသည်။

Specifications

ဘဏ္ဍာနှစ်အလိုက်တင်ပို့မှုတို့မှာ ၂ဝဝ၉-၁ဝ တွင် တန်ချိန် ၂၅၃ နှင့် ၂ဝ၁ဝ-၁၁ ဒီဇင်ဘာလထိ တန်ချိန် ၁၆၇ တင်ပို့ခဲ့ကြောင်း သိရပါသည်။

ဘိုကိတ်ပဲ၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် – ဘိုကိတ်ပဲ
(ခ) ဒေသအခေါ်အဝေါ် – ဘိုကိတ်ပဲ၊ သိပ္ပံပဲ၊ မယ်သီလံ
(ဂ) အင်္ဂလိပ်အမည် – COW PEA, BOCATE
(ဃ) ရုက္ခဗေဒအမည် – VIGNA UNGUICULATA

ဘိုကိတ်ပဲ၏ပုံသဏ္ဍာန်မှာ ပဲလွမ်းကဲ့သို့ဖြစ်ပြီး အရောင်အဆင်းမှာ အပြာရောင်ဖြစ်ပါသည်။ ရာသီဥတုကောင်းမွန်သောအခါတွင် ဘိုကိတ်ပဲမှာ သီးလုံးအောင်မြင်ပြီး အရောင်အသွေးတောက်ပြောင် မှုရှိပါသည်။ ဘိုကိတ်ပဲ၏အရွယ်အစားမှာ အလျား ဝ.၁၆ စင်တီနှင့် အနံ ဝ.၅၉ စင်တီမီတာခန့် ရှိပါသည်။ ဘိုကိတ်ပဲ၏အလုံးအရွယ်အစားမှာ ရေဆင်းပဲလွမ်းထက် ကြီးထွားပြီး ဗုံတို ပုံစံမျိုး ဖြစ်ပါသည်။

အသီး၏ပုံသဏ္ဍာန်မှာ ပဲတောင့်ရှည်မျိုးဖြစ်ပြီး အလျား (၇) လက်မမှ (၈) လက်မခန့်ထိရှည် ပါသည်။ ပဲတောင့်၏အရောင်အဆင်းမှာ သီးတောင့်အပိုတွင် အစိမ်းရောင်သန်းပါသည်။ ရင့်မှည့်သည့် အခါတွင် ကော်ဖီညိုဖျော့ရောင်သို့ပြောင်းလဲ၍သွားပါသည်။ ပဲတောင့်တစ်တောင့်လျှင် (၇) စေ့မှ (၁ဝ) စေ့ခန့်ထိရှိတတ်ပါသည်။ ပဲတောင့်၏အရင်းတွင် ဖုထစ်သော ထိပ်အုပ်ကဲ့သို့ရှိပါသည်။

ဘိုကိတ်ပဲတွင်ပါဝင်သော အဟာရဓါတ် ရာခိုင်နှုန်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) အစိုဓါတ် (Moisture %) 11.00 %
(၂) အဆီဓါတ် (Fat %) 1.30 %
(၃) အမျှင်ဓါတ် (Fibre %) 3.90 %
(၄) ပရိုတင်းဓါတ် (Protein %) 25.60 %
(၅) ပြာဓါတ် (Ash %) 3.60 %
(၆) ကာဘိုဟိုက်ဒရိတ် (Carbo Hydrate %) 56.80 %

ဘိုကိတ်ပဲကို မိုးတွင်းနှင့်ဆောင်းတွင်းများတွင် စိုက်ပျိုးပါသည်။ အေးမြချောက်သွေ့သော ရာသီ ဥတုကိုလည်းကြိုက်နှစ်သက်ပါသည်။
ဘိုကိတ်ပဲကို ကဆုန်လမှ သီတင်းကျွတ် (မေလမှ အောက်တိုဘာလ) အတွင်း စိုက်ပျိုးပါသည်။
ဘိုကိတ်ပဲကိုစိုက်ပျိုးပြီး ၄ လမှ ၅ လခန့်အချိန် တပို့တွဲ-တပေါင်းလများ (ဇန်နဝါရီ-ဖေဖေါ်ဝါရီလ) တွင်ရိတ်သိမ်းနိုင်ပါသည်။

ဘိုကိတ်ပဲကို ကြော်စား၊ ပြုတ်စား၊ ချက်စား၊ လှော်စားစသည်ဖြင့် အမျိုးမျိုးစားသုံးကြသည်။

Would like to know more?