EU Training

MPBSMA Office 2

ဥရောပသမ္ပဂ္ဂ၏ ငွေကြေးပံ့ပိုးမှုဖြင့် ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (GIZ) မှ အကောင် အထည် ဖော် ဆောင်ရွက် သော မြန်မာ ကုန်သွယ်မှု ဖွံ့ဖြိုးရေး အစီအစဉ် (TDP) သည် ၂၀၁၅ခုနှစ် ဇန်နဝါရီလမှ ၂၀၁၇ခုနှစ် ဒီဇင်ဘာလကုန် အထိ နည်းပညာ အထောက်အပံ့ ပေးမည်ဖြစ်ပါသည်။ TDP ၏ အပင်၊ လူ၊ တိရိစ္ဆာန်တို့ ကျန်းမာရေး နှင့် စားသောက်ကုန် အန္တရာယ်ကင်းစင်ရေး စီမံကိန်းမှ EU သို့ ပဲပင်ပေါက်ဖောက်ရန် တင်ပို့သည့် မြန်မာနိုင်ငံမှ ပဲတီစိမ်းများအား EUမှချမှတ်ထားသော စည်းမျဉ်း ဥပဒေများနှင့်အညီ စိုက်ပျိုး တင်ပို့နိုင်စေရန် သီးနှံကာကွယ်ရေး ဌာနခွဲအား နည်းပညာ ပံ့ပိုးပေး လျက်ရှိပါသည်။

ရန်ကုန်မြို့ရှိ ပဲတီစိမ်း သန့်စင်ထုတ်ပိုးသည့် စက်ရုံများမှ အရည်အသွေး ထိန်းချုပ်သူ စက်ရုံဝန်ထမ်းများအတွက် HACCP စနစ်အားစတင် အကောင်အထည် ဖော်ဆောင်ခြင်း သင်တန်းကို စက်တင်ဘာလ ၂၆ရက်နေ့မှ ၂၈ရက်နေ့အထိ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း၌ ပြုလုပ်ခဲ့ရာ ပဲတီစိမ်း သန့်စင်ထုတ်ပိုးသည့် စက်ရုံ၈ရုံမှ သင်တန်းသားစုစုပေါင်း ၂၄ယောက်တက်ရောက်ခဲ့ပါသည်။

သင်တန်းပို့ချရခြင်းရည်ရွယ်ချက်များမှာ

  • စားသောက်ကုန် အန္တရာယ်ကင်းစင်ရေးနှင့် HACCP စနစ်တို့၏ အခြေခံ သဘောတရားများကို သိရှိနားလည်စေရန်၊
  • HACCP နည်းပညာပိုင်းဆိုင်ရာကိုက်ညီမှုရှိရန်
  • လိုအပ်ချက်များကို နားလည်သိရှိစေပြီး မိမိတို့ စက်ရုံတွင်း အခြေအနေနှင့် ကိုက်ညီမှုရှိအောင် စပ်ဆက် လုပ်ဆောင်နိုင်စွမ်း ရှိရန်၊
  • HACCPစနစ်၏ အထေက်အထားနှင့် စာရွက်စာတမ်းများကို စတင်ရေးဆွဲနိုင်စေရန် တို့ဖြစ်ပါသည်။

သင်တန်းလာရောက်ပို့ချသူမှာ နယ်သာလန်နိုင်ငံရှိ ပဲပင်ပေါက် ထုတ်လုပ်သည့်စက်ရုံ (Evers Specials) တွင် ကုန်ကြမ်းဝယ်ယူရေး မန်နေဂျာ စိုက်ပျိုးရေးပညာရှင် Ms Xi Wang ဖြစ်ပါသည်။

Ms Xi Wang သည် သုံးရက်တာ စာတွေ့ပို့ချပြီးနောက် HACCPစနစ် စတင်ရန် စိတ်ပါဝင်စားသော ပဲတီစိမ်းစက်ရုံများသို့ စက်ရုံတစ်ခုလျင် ၂ရက်မှ ၃ရက်နှုန်းဖြင့် လက်တွေ့လိုအပ်သည်များကို ကွင်းဆင်း ကူညီပေးလျက် ရှိပါသည်။ သူမသည် လာမည့် နိုဝင်ဘာလနှင့် ဖေဖော်ဝါရီလများတွင်လည်း စက်ရုံများမှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများကို လာရောက်၍ ထပ်မံအကြံပြု ဆောင်ရွက်ပေး သွားမည် ဖြစ်ပါသည်။