Description

ပဲပုပ်၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် – ပဲပုပ်
(ခ) ဒေသအခေါ်အဝေါ် – ပဲပုပ်၊ ပဲပုပ်စေ့၊ ပဲပုပ်ပဲ
(ဂ)အင်္ဂလိပ်အမည် – SOYA BEAN, SOY BEAN,MYANMAR SOYA BEAN
(ဃ) ရုက္ခဗေဒအမည် – GLYCINE MAXL.SOJAMAX
(င)အမျိုးအနွယ်အမည် – LEGUMINOSAE

Specifications

ပဲပုပ်အစေ့၏ပုံသဏ္ဍာန်မှာ အလုံးအဝိုင်းဖြစ်ပါသည်။ အလုံးအရွယ်အစားအကြီးအသေးရှိသည်။ မြန်မာပဲပုပ်စေ့၏ အတိုင်းအတာမှာ ပျှမ်းမျှအားဖြင့် အလျား ၆.၅ မှ ၇.၈ မီလီမီတာ အထိရှိတတ် ပါသည်။ အထူူမှာ ၃.၉၇ မှ ၅.၃ဝ မီလီမီတာအထိ ရှိတတ်ပါသည်။ ပဲပုပ်စေ့ ၁ဝဝ ၏အလေးချိန်မှာ ပျှမ်းမျှ ၁၂.ဝ၇ ဂရမ်ဝန်းကျင်ရှိပါသည်။
ပဲပုပ်စေ့အရောင်သည် အဝါ၊ အစိမ်း၊ အညို၊ အနက်စသည်ဖြင့် အရောင်သန့်၊ နှစ်ရောင်ရော၊ အရောင်စုံရော စသည်ဖြင့် တွေ့ရပါသည်။

ပဲပုပ်သီးတောင့်တွင် အစေ့ (၂) စေ့မှ (၆) စေ့အထိ ပါရှိတတ်ပြီး၊ သီးတောင့်အရှည်သည် (၂) မှ (၇) စင်တီမီတာအတွင်းရှိတတ်သည်။ သီးတောင့်များအပေါ်တွင် အဖြူရောင်အမွှေးနုလေးများ ထူထပ် စွာဖုံးအုပ်လျှက်ရှိသည်ကိုတွေ့ရသည်။ အမွှေးမရှိသောမျိုးများလည်းရှိသည်။

ပဲပုပ်တွင်ပါဝင်သော အာဟာရဓါတ်များမှာ အောက်ပါအတိုင်းဖြစ်ကြောင်း သိရှိရပါသည်။

(၁) ရေငွေ့ဓါတ် အစိုဓါတ် ၅.ဝ – ၉.၄ %
(၂) အသားဓါတ် ၃ဝ – ၄၆ %
(၃) အဆီဓါတ် ၁၂ – ၂၄ %
(၄) အမျှင်ဓါတ် ၂.၈ – ၆.၃ %
(၅) ပြာဓါတ် ၃.၃ – ၆.၄ %

ပဲပုပ်၏မူရင်းကို အမျိုးမျိုးဆန်းစစ်ပြောဆိုခဲ့ကြသည်။ တရုတ်ပြည်မှ အပင်များမှတ်တမ်းစာအုပ်တွင် တရုတ်ပြည်ယဉ်ကျေးမှု၏ အဓိကသီးနှံ (၅) မျိုးတွင် ပဲပုပ်ပါဝင်နေသည်ကို သိရှိခဲ့ကြသည်။ တရုတ် ပြည်တွင်ရှေးက ပဲပုပ်ကို အခမ်းအနားဖြင့် လယ်ထွန်မင်္ဂလာပြုလုပ်သကဲ့သို့ စိုက်ပျိုးခဲ့ကြသည်ဟု ဆိုသည်။

ပဲပုပ်သည် တရုတ်ပြည်မြောက်ပိုင်းမှ ကိုးရီးယားသို့လည်းကောင်း၊ ထိုမှတဆင့် ဂျပန်သို့ ဘီစီ ၂ ရာစုနှင့် အေဒီ ၁ ရာစုအကြားတွင် ရောက်ရှိပျံ့နှံခဲ့သည်ဟု ဆိုကြသည်။ ရုရှဂျပန် စစ်ဖြစ်သောအခါ ပဲပုပ်သည် ဥရောပသို့ပျံ့နှံပြီး ယင်းသီးနှံကို အကြီးအကျယ် စိတ်ဝင်စားခြင်းခံရသည်ဟု ဆိုကြသည်။ မြန်မာနိုင်ငံ တွင်လည်း ရှေးမဆွကပင် ရှမ်းပြည်နယ်၏ စားသုံးကုန်ဖြစ်ခဲ့သဖြင့် ရှမ်းပဲပုပ် ဟုပင် ယခုတိုင် ပြောစမှတ်ပြုကြသည်။ ရှမ်းများနှင့် အထက်အညာနေသူများသည် ပဲပုပ်ကိုအလွန် ကြိုက်နှစ်သက်ကြသည်။ ဒေသပျံ့နှံ့ရာတွင် ယခုအခါကျယ်ပြန့်လာပြီး အမေရိကန်ပြည်ထောင်စု၊ ကနေဒါ စသည်တို့ပင်လျှင် အများအပြား စိုက်ပျိုးထုတ်လုပ်လျှက်ရှိသည်။

– စက်တင်ဘာလမှ အောက်တိုဘာလ (ကုန်းမြင့်ပိုင်း)
– ဒီဇင်ဘာလမှ ဇန်နဝါရီလ (မြေပြန့်ပိုင်း)

ပဲပုပ်သည် ပဲမျိုးစုံသီးနှံများအနက် ပရိုတင်းခေါ် အသားဓါတ်နှင့် ဆီပါဝင်မှုရာခိုင်နှုန်း အများဆုံးသီးနှံဖြစ်သည်။ ပဲပုပ်အမျိုးအစားကိုလိုက်၍ ပရိုတင်း ၃ဝ % မှ ၄၆ %၊ ဆီဓါတ် ၁၂ % မှ ၂၄ % ထိပါဝင်သည်ကိုတွေ့ရသည်။ လူတို့ကျန်းမာရေးအတွက် လိုအပ်သည့် အမီနိုအက်စစ်များနှင့် ဗိုက်တာမင်ဘီဓါတ်ပါဝင်သည်။ ပဲပုပ်တွင်ပါဝင်သည့် ပရိုတင်းဓါတ်သည် အခြားအသား၊ ကြက်ဥ၊ နွားနို့တို့တွင်ပါဝင်သည့် ပရိုတင်းဓါတ်နှင့် တူညီကြောင်းသိရသည်။

ပဲပုပ်ဆီသည် ကမ္ဘာ့ဈေးကွက်တွင် ထင်ရှားသည့် ဟင်းသီးဟင်းရွက်ဆီတစ်မျိုးဖြစ်သည်။ ပဲပုပ်ဆီကို စားသုံးဆီအဖြစ်သာမက စက်မှုကုန်ထုတ်ပစ္စည်းများဖြစ်သည့် ပိုးသတ်ဆေး၊ ဆပ်ပြာ၊ အိမ် သုတ်ဆေး၊ ပုံနှိပ်မှင်၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများတွင် အသုံးပြုပါသည်။ ပဲပုပ်အမှုန့်ကို မုန့်မျိုးစုံ ပြုလုပ်ရာတွင်လည်းကောင်း၊ ပဲနို့ပြုလုပ်ရာတွင်လည်းကောင်း၊ အသားတုပြုလုပ်ရာတွင် လည်းကောင်း၊ အသုံးပြုပါသည်။ ပဲပင်ပေါက်၊ ပဲငံပြာရည်၊ ပဲပုပ်စေ့လှော်၊ ပဲပုပ်ခြောက်ပြား၊ ပဲငပိ၊ တို့ဟူးအစရှိသဖြင့် စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်းများတွင် ကျယ်ပြန့်စွာ အသုံးပြုပါသည်။ ဆီထုတ်ပြီး ပဲပုပ်ခြောက်ကို တိရိစ္ဆာန်အစာအဖြစ် အသုံးပြုပါသည်။

လူတို့၏ကျန်းမာရေးအတွက် အာဟာရလိုအပ်သည်။ အာဟာရဖွံ့ဖြိုးရန်အတွက် ပရိုတင်းခေါ် အသားဓါတ်၊ ကာဗိုဟိုက်ဒရိတ်ခေါ်ကစီဓါတ်၊ ဖက်ခေါ်အဆီဓါတ်၊ ဗိုက်တာမင်များနှင့် မင်နရယ်ခေါ် သတ္တုဓါတ်များ အချိုးအစားအလိုက် လိုအပ်သည်။ ပဲနို့ရည်တွင် ပရိုတင်းဓါတ်အပြည့်အဝရှိပါသည်။ ပဲနို့ရည်ပြုလုပ်ရာတွင် မိသားစုအနေဖြင့် လွယ်ကူသည်။ ပဲပုပ်ကို တစ်ညမျှ ရေစိမ်ပြီး ပွလာသောအခါ အခွံချွတ်၍ သစ်သီးဖျော်စက်ထဲသို့ ပဲပုပ် နို့ဆီ(၁) ဘူး၊ ရေ (၆ဝဝ) စီစီ ထည့်၍ ၃/၄ မိနစ်မွှေလျှင် ကြေမှုန့်သွားမည်။ ရေရှိပဲပတ်ရေကို ပိတ်ပါးဖြင့်စစ်၍ ရရှိရေကို ရေ (၅ဝဝ)စီစီခန့် ထပ်ရော၍ ပွက်ပွက် ဆူသည်အထိ ကျိုချက်ရသည်။ အမြုပ်များကို ဖယ်ပစ်ပါ။ ယင်းသို့ပြုလုပ်ရာတွင် ရေ (၅ဝဝ) စီစီ (၃) ကြိမ်ထည့်ပြီး လိုအပ်သည့် အပြစ်အကျဲ ရရှိပါက နို့ရည်ရပေပြီ၊ နို့ရည်သည် ပဲစိမ်းနံ့အနည်းငယ်ရှိ၍ ကြိုက်ရာ မိုင်လို၊ကော်ဖီစသည်တို့ဖြင့် ရောသောက်က အနံ့ပျောက်သည်။ ပဲနို့ရည်ကိုအိမ်တွင် ကိုယ်တိုင် ပြုလုပ်က စားစရိတ် သက်သာပြီး လပ်ဆပ်စွာစားသုံးနိုင်သည်။

Looking for an Business Opportunity?